အေးချမ်းသူ(VOM)
” မြွေတွေ တွေ့ရင် ဘုန်းဘုန်းဆီ လာပို့ပါ ဘုန်းဘုန်းကျွေးမွေးထားပြီး တောထဲပြန်လွှတ်ပေးပါ့မယ် ဒီလိုမလုပ်ရင် မှောင်ခိုပို့တဲ့ သူတွေဆီရောက်သွားမှာစိုးလို့ပါ” လို့ စိုးရိမ်စိတ်နဲ့ မင်္ဂလာဒုံမြို့နယ်၊ ပလရ ရပ်ကွက်အတွင်းက စိတ္တသုခတပ်ဦးကျောင်းတိုက် အဘရာကျောင်း လှောင်အိမ်ထဲက မြွေကြီးတွေကို ကြည့်ရင်း ဆရာတော်ဦးဝိလာသက မေတ္တာသံပါပါနဲ့ မိန့်ပါတယ်။
ဆရာတော်ရဲ့ကျောင်းမှာ မြွေမျိုးစုံကို မှန်ကာထားတဲ့ ကန်ထဲမှာတမျိုး သံဇကာကာထားတဲ့ ခြံထဲမှာတဖုံ အမျိုးမျိုးထည့်ထားပြီး ဆရာတော်က ပုံမှန်ကျွေးမွေးပြီး စောင့်ရှောက်ထားပါတယ်။ စိတ္တသုခတပ်ဦးကျောင်းတိုက်မှာတော့ လက်ရှိထိန်းသိမ်းတဲ့မြွေ အကောင် ၃၀ ကျော်ရှိနေပြီး ၊ စပါးကြီး ၊ စပါးအုံးမြွေ များအပြင် အခြားအဆိပ်ရှိ မြွေအချို့လည်း ပါဝင်ပါတယ်။ အဲဒီမြွေတွေကို နွားနို့ ၊ ကြက်ဥ ၊ ငါး ၊ကြက်(ပံ့သကူ) တွေ ကျွေးမွေးတာမှာ လစဉ် ပျမ်းမျှ အစာဖိုး သုံးသိန်းခန့် ကုန်ကျကြောင်း ဆရာတော်ဆီက သိရပါတယ်။
ဒီနှစ်အတွင်း ရန်ကုန်ရှိမြို့နယ်အချို့မှာ စပါးကြီး၊စပါးအုံးမြွေအပါအဝင် မြွေအမျိုးစားမျိုးစုံတွေ လူနေရပ်ကွက်ထဲက နေအိမ်တိုက်တာတွေထဲ ရောက်လာလို့လူမှုရေးအသင်းအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး မဂ်လာဒုံမြို့နယ်၊ ပလရ ရပ်ကွက်က စိတ္တသုခတပ်ဦးကျောင်းတိုက် အဘရာကျောင်းကို လာပို့ထားကြတာ အများစုဖြစ်ပါတယ်။
ရန်ကုန်ကမြို့နယ်အနှံ့အပြားမှာ မြွေတွေထွက်လာတဲ့ အကြောင်းအရင်းကို ဆရာတော်က ခုလိုတွက်ဆမိန့်ဆိုပါတယ်။
“တိုက်တာတွေဆောက်လုပ်တော့ မြေကျင်းနက်နက်တူးတဲ့အခါ တွင်းအောင်းသတ္တဝါတွေ နေစရာပျောက်တော့ သူတို့မနေနိုင်ဘဲ ရပ်ကွက်တွေထဲ ထွက်လာတာဖြစ်နိုင်တယ်”
ရန်ကုန်က ဘူမိဗေဒပညာရှင်တယောက်ကတော့ မြွေတွေထွက်လာရတဲ့ လတ်တလောအကြောင်းအရင်းကို ခုလိုမှတ်ချက်ပြုပါတယ်။
“ခုတလော ရာသီဥတု အေးတာကြောင့်လည်းပါမယ်။ အစာရှာတာလည်း ဖြစ်နိုင်တယ်။ မြေအောက်ရေ မျက်နှာပြင် မြင့်တက်ရင်လည်း ထွက်လာတတ်တယ်” လို့ ဆိုပါတယ်။
မီးသတ်တပ်ဖွဲ့တွေကြားမှာ မြွေဖမ်းသူအဖြစ်နာမည်ကြီးတဲ့ မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးအထူးတပ်ဖွဲ့ရဲ့ ကြီးကြပ်နည်းပြဖြစ်တဲ့ ကိုတိုးအောင်က လတ်တလော လူနေရပ်ကွက်တွေထဲ မြွေတွေ အတွေ့များလာတဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။
“ဘာကြောင့် မြွေတွေထွက်လာရလဲဆိုရင် ကျနော်အမြင်နဲ့သုံးသပ်ရရင် အချက် သုံးချက်ရှိတယ်။ မိတ်လိုက်ရာသီမို့ ထွက်လာတာလည်းဖြစ်တယ်။ အစာရေစာရှာပါးလာလို့ ထွက်ရှာတာလား နောက်တစ်ခုက သဘာဝဘေးအန္တရယ်တစ်ခုခုများဖြစ်လာလေမလား ဘာကြောင့်လဲဆိုတော့ရှေးလူကြီးတွေပြောတာရှိတယ်။ တွင်းအောင်းသတ္တဝါတွေထွက်ရင် သဘာဝဘေးအန္တရယ် တစ်ခုခုဖြစ်နိူင်တယ်ဆိုတော့လေ အဲ့ဒါကိုလည်းတွေးတာပါ”လို့ သုံးသပ်ပြောဆိုပါတယ်။
မီးသတ်တပ်ဖွဲ့ဝင် ကိုတိုးအောင်ဟာ မြွေဖမ်းတဲ့ အလုပ်ကို ၂၀၁၇ ခုနှစ်ကစ လုပ်ကိုင်ခဲ့ပြီး စပါးအုံး၊ စပါးကြီး၊ ငန်းစောင်း၊ လင်းမြွေ၊ မြွေပွေး မြွေဟောက်အပါအဝင် မြွေအကောင်ရေ ၃၀၀ ခန့်ဖမ်းပေးခဲ့ပြီး ဖမ်းဆီးရမိတဲ့ မြွေတွေကို အဆိပ်မရှိရင် စိတ္တသုခတပ်ဦးကျောင်းမှာထိန်းသိမ်းခိုင်းထားပြီး အဆိပ်ရှိမြွေတွေကိုတော့
ရန်ကုန်တိရစ္ဆာန်ရုံက မြွေထိန်းသိမ်းရေးဌာနကို ပို့တာမှာ ၂၀၂၀ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးမှာစပါးကြီး၊စပါးအုံးအပါအဝင် မြွေအကောင်ရေ ၆၀ ခန့်ဖမ်းပေးခဲ့တယ်လို့ ကိုတိုးအောင်ရဲ့ အပြောအရသိရပါတယ်။
ရန်ကုန်မြို့မှာ စပါးအုံးလို အရွယ်အစားကြီးမားတဲ့ မြွေအမျိုးအစားအပါအဝင် မြွေတွေ့ရှိမှု များလာရတဲ့ အကြောင်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေဝီသန့်ဇင်ကလည်း VOMကို ခုလိုရှင်းပြပါတယ်။
“အခုလိုမျိုး လက္ခဏာတွေပြတယ်ဆိုရင်တော့ အထူးသဖြင့် အောက်ခြေမှာ မြေအောက်မှာဖြစ်နေတဲ့ ဟာတွေက ဘာတွေဖြစ်နေမှန်းမသိဘူး။ ငလျင်တွေ ဒီထက်လှုပ်လာမလား။ ရေတွေ ဒီထက်ခမ်းသွားမလား။ အဲ့ဒါမျိုးတွေနဲ့ ဆိုင်တယ်လို့တော့ ထင်တယ်”
Yangon Zoo page မှာတော့
“မြွေဆိုသည်မှာ သွေးအေးသတ္တဝါဖြစ်ပြီး တနေ့တာ အချိန်တော်တော်များများကို ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်ရင်းနဲ့ ကုန်ဆုံးကြပါတယ်။ ဥပမာ ပူနွေးနေတဲ့လမ်းပေါ်မှာ နေပူဆာလှုံခြင်း၊ ကျောက်တုံးတွေ သစ်ရွက်ခြောက်တွေအောက်မှာ ပုန်းအောင်းခြင်းနဲ့ အရိပ်ရှိတဲ့သစ်ကိုင်းမှာ ခိုနေခြင်းတို့ဖြစ်ပါတယ်။ သွေးနွေးသတ္တဝါတွေနဲ့ မတူတဲ့အချက်က ခန္ဒာကိုယ်က အစာအများကြီးကို ဆက်တိုက်အစာချေဖျက်ဖို့ ဒါမှမဟုတ် အစာနည်းနည်းကို မကြာခဏအစာချေဖျက်ဖို့အတွက် ခန္ဓာကိုယ်ဇီဝဓာတ်မျိုး မြွေတွေမှာ မရှိပါဘူး။”လို့ ဖော်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်း ၃၀၀၀ကျော်ရှိပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှာတော့ မြွေမျိုးစိတ် ၈မျိုးရှိပြီးအကောင်ရေ ၂၀ကျော်ရှိကြောင်း Yangon Zoo pageမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့လတွေက မရမ်းကုန်းမြို့နယ်မှာ စပါးကြီး၊ စပါးအုံးလိုမြွေတွေ မကြာခဏတွေ့ တော့ တောရိုင်းတိရစ္ဆာန်များရောင်းချတဲ့လုပ်ငန်းရှိနေမလား ဆိုပြီး မြို့နေပြည်သူတစ်ချို့ရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
မြွေမှောင်ခိုရောင်းချမှုနဲ့ပတ်သက်လို့ လာရှိုးမှာနေတဲ့ ဒေါ်ဘောက်မိုင်က
” မြွေ ၊လိပ် ၊တောက်တဲ့၊ အဲ့ဒါတွေက အရင်ကတည်းက တရားမဝင်ရောင်းချနေတာ တရုတ်ပြည် ကျယ်ဂေါင်ဘက်မှာပေါ့ သူအဖွဲ့နဲ့သူ အဆက်အသွယ်ရှိမှ ရောင်းလို့ရတာ ပြောရရင် တရားမဝင်ကုန်သွယ်မှုမှာ လတ်တလောတော့ သိပ်မကြားမိဘူး”လို့ ပြောပါတယ်။
“ လက်ရှိအနေအထားမှာ ဇီဝမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဥပဒေကို ပြဋ္ဌာန်းထားပေမယ့် တရားဥပဒေစိုးမိုးမှု အားနည်းချက်ရှိနေတယ်။ ဌာနဆိုင်ရာတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ ပူးပေါင်းဆောင်ရွက်ပြီးလုပ်မှရမယ်။ ဝန်ထမ်းမလုံလောက်မှုတွေရှိနေတယ်။ လက်ရှိက ကိုဗစ်ကာလလည်းဖြစ်နေတော့ ပုံမှန်မဟုတ်ဘူး။ သူတို့ဘက်ကလည်း အားနည်းချက်ရှိနေတာပါ။ စည်းကမ်းဖောက်ဖျက်တဲ့ဘက်က ရောင်းဝယ် ဖောက်ကားမှုတွေ ဖြစ်နေတာပါ” လို့ အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်နဲ့ သဘာဝအပင်များအဖွဲ့က Country Manager ဦးငွေလွင်က ပြောပါတယ်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ အမိန့်ကြော်ငြာစာအမှတ် ၆၉၀/၂၀၂၀မှာ လုံးဝ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၅၇၇) မျိုး၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၃၁၈) မျိုး၊ ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ( ၉၁၄) မျိုး ပါဝင်ခဲ့ပါတယ်။
လုံးဝကာကွယ်ထားသည့် တိရစ္ဆာန် ၅၇၇မျိုး မှာ စပါးကြီး၊ စပါးအုံး၊ လင်းဝါ/လင်းဝါမျက်ပြူး၊ လင်းနက်၊ မြွေဟောက်၊ မန္တလေးမြွေဟောက်၊ တောကြီးမြွေဟောက်၊မြွေပွေး အစရှိတဲ့ မြွေ၈မျိုးပါဝင်ပါတယ်။
လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေအများဆုံး ဆယ်နှစ်အထိ ကျခံနိူင်ကြောင်း ၂၀၁၈ ခုနှစ်တွင်ထုတ်ပြန်ခဲ့တဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေမှာ အတိအလင်းဖော်ပြထားပါတယ်။
သာမန်ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်ကို ဖမ်းဆီးသတ်ဖြတ်ရင် အများဆုံး ထောင်ဒဏ် ငါးနှစ်ကိုဖြစ်စေ၊ ငွေကျပ် သုံးသိန်းမှ ဆယ်သိန်းအထိ ငွေဒဏ်ကို ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ကျခံရနိုင်ပြီး၊ ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက ကျပ် ခုနှစ်သောင်းမှ အများဆုံး ကျပ် နှစ်သိန်းအထိ ဒဏ်ကြေးငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒီလိုဥပဒေကို သေချာမသိသူတွေက မြွေတွေ့ရင် ဖမ်းဆီးသတ်ဖြတ် ချက်ပြုတ်စားကြတာရှိသလို သိသိနဲ့လုပ်သူတွေကတော့ တရုတ်ပြည်ကို နည်းမျိုးစုံနဲ့ မှောင်ခိုပို့ကြတဲ့ ဈေးကွက်တွေရှိနေတာပါ။
အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်များနဲ့ သဘာဝအပင်များအဖွဲ့ Country Manager ဦးငွေလွင်က
“ တောရိုင်းတိရစ္ဆာန်တွေကို ထိန်သိမ်းစောင့်ရှောက်ဖို့က အစိုးရမှာတင်တာဝန်ရှိတာမဟုတ်ဘူး။ နိူင်ငံသားတိုင်းမှာလည်း တာဝန်ရှိတယ်။ အစိုးရနဲ့ဌာနဆိုင်ရာ ပြည်သူတွေပူးပေါင်းဆောင်ရွက်မှသာ ရှာပါးတိရစ္ဆာန်တွေ မျိုးတုန်း
ပျောက်ကွယ်မသွားမှာ” လို့ မှတ်ချက်ပြုပါတယ်။
မကြာသေးတဲ့ကာလက အဘရာကျောင်းက ဆရာတော်နဲ့ သစ်တောဦးစီးဌာနအပါအဝင် လူမှုရေးအသင်းအဖွဲ့တွေ ပူပေါင်းပြီး ပဲခူးရိုးမအတွင်းသွားရောက်လွှတ်ပေးခဲ့တာမှာစပါးကြီးမြွေ၊ စပါးအုံးမြွေအပါအဝင် ၄၅ကောင်ရှိတယ်လို့ ဆရာတော်ဦးဝီလာသရဲ့ မိန့်ဆိုချက်အရသိရပါတယ်။
ရန်ကုန်မှာ စပါးကြီး၊စပါးအုံးအပါအဝင် မြွေတွေရောက်လာတာကို ပြည်သူတွေကြား ဝေဖန်ပြောမှု အမျိုးမျိုးရှိပေမယ့် မြွေတွေ အသက်ရှင်နေထိုင်စားသောက်နိုင်ဖို့ စိတ်ကူးမိကြသူ နည်းပါတယ်။ လက်ရှိအခြေအနေမှာတော့ မင်္ဂလာဒုံမြို့နယ်က စိတ္တသုခ တပ်ဦးကျောင်းတိုက်မှာ ရောက်ရှိနေတဲ့ မြွေကြီးတွေအသက်ရှင်ရပ်တည်နေထိုင်နိုင်ဖို့ အလှူရှင်ကိုသာ စောင့်မျှော်နေကြရပါတယ်။
“နောက်ဆို မြွေတွေကို လက်ခံဖို့ စဥ်းစားရတော့မယ် ဘာလို့လဲဆိုတော့ အစာဖိုးက မတက်နိုင်ဘူးလေ တစ်လ သုံးသိန်း ဆိုတော့ ရေရှည်မလွယ်လောက်ဘူး” လို့ ဆရာတော်ဦးဝိလာသက မြွေတွေအတွက်အခက်အခဲကိုပြောဆိုရင်း လှောင်အိမ်အတွင်းက စပါးကြီး၊ စပါးအုံး မြွေကြီးတွေကို အစာထည့်ကျွေးနေပါတော့တယ်။
#voiceofmyanmar #VOM #ရန်ကုန်ကမြွေများ #မင်္ဂလာဒုံ #စိတ္တသုခတပ်ဦးကျောင်း
ဓါတ်ပုံ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့