ဆူးငှက်
မင်းတုန်းမင်းသည် မန္တလေး မြို့တည် နန်းတည်ဖို့ ကြံဆောင်တော်မူလေသောအခါ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် တောင်သမန် နှင့် ဇောင်းကလောကန်၊ မြောက်ဘက်တွင် နန္ဒာကန်တို့ တည်ရှိပြီး၊ အရှေ့ဘက် ရှမ်းရိုးမတောင်ကို နောက်ခံပြုပြီး၊ တောင်မြောက် အလျား (၇)မိုင်၊ အရှေ့အနောက် အနံ (၃)မိုင်ခန့် ကျယ်ဝန်းသော အောင်ပင်လယ်ကန်ကြီး တည်ရှိနေသည့် မန္တလ ခေါ် မန္တလေးတောင်ခြေရင်းက စည်မျက်နှာကဲ့သို့ ပြန့်ပြူးသော လွင်ပြင်နေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
တကယ်တော့ မန္တလေးနှင့် မန္တလေးတောင်သည် မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သည်ဟု ဆိုသည်နှင့် အညီ တင့်တယ်လိုက်ဖက်လွန်းလှသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းမှသည် ရိုးမတောင်ခြေအထိ ပြန့်ပြူးညီညာလှသော မြေပြင်ဝယ် မန္တလေးတောင်တော်သည် ထီးတည်းတည်ကာ မြေမှ စုံ့စ့ုံတက်၏။ ထိုအခါ လှပကျယ်ပြောလှသော မြေပြင်အား ရှုမြင်ခံစားနိုင်ရန် မျှော်စင်ပမာ တည်ရှိပြန်သည်။ပင်လယ်ရေမျက်နှာပြင်အထက် (၇၇၆)ပေ၊ တောင်ခြေမြေပြင် အထက် ပေ(၅၀၀)မြင့်သော မန္တလေးတောင်ကို တောင်ကိုးလုံးပတ်ဝန်းရံသည်ဟု ရှေးစာဆို၏။
တောင်ထိပ်ဆီမှ အရှေ့ဆီမျှော်ပြန်မူ ပြာရင့်မှိုင်းရိုးမက မြင်ကွင်းကို တားဆီး ကန့်သတ်အံ့ငြား၊ ထူးထူးအံ့ဖွယ် ပုံသဏ္ဌာန်များဖြင့် ဗျိုင်းရယ်တောင်၊ ရေတံခွန်တောင်၊ ကျွဲနဖားတောင်တို့က ရင်သပ်ရှုမောစေ၏။ အနောက်ဆီမျှော်ပြန်မူ မင်းဝံတောင်ရိုးသည် တငြိမ့်ငြိမ့်စီးဆင်းသော ခြေရင်းက ဧရာဝတီကို မမှိတ်မသုန် ရေကသိုဏ်းရှုနေပြန်သည်။ တောင်ဆီမှာမူ ဟိုမှုန်ပျပျ အဝေးရေရိပ်က တောင်သမန်ရွှေအင်း ဖြစ်၏။ သည်မှာဖက်မူ မုနိဖောင်တော်ဆိုက်ကပ်ရာ တက်သေးအင်း ဖြစ်သည်။ မြောက်ဆီမှာမူ မင်းရှင်စောလက်ထက်ကတည်းက ဆည်ထားခဲ့သော နန္ဒာကန်တော်ကြီး တပြန့်တပြော နောက်ခံခပ်လှမ်းလှမ်းတွင် သခင်မတောင်တော်သည် တောင်စွယ်တောင်တန်းအစွန်းမှ ပြေလျောနိမ့်ဆင်းလာ၏။ မလှမ်းမကမ်းမှာက မင်းညီနောင်၏ တောင်ပြုန်းစေတီတော်။
ထိုမြင်ကွင်းကား ရတနာပုံမင်းနေပြည် မတည်မီက တောရိပ်တောင်ရိပ်ရေရိပ်ဖြင့် အတိပြီးသော ရှုဖွယ်ရှုခင်းပေတည်း။ ၁၂၂၁ခု၊ အမရပူရ မြောက်အရပ်သို့ ရွှေ့ပြောင်းကာ ရတနာပုံမင်းနေပြည် တည်ထောင်သောအခါတွင် မန္တလေးတောင်ခြေရင်းတွင် တစ်မျက်နှာလျှင် တာပေါင်း(၆၀၀)ဖြင့် လေးထောင့်စပ်စပ် မင်းနေပြည် နန်းမြို့ကြီးကို ကျုံးမြို့ရိုးပြအိုး အစုံအလင်ဖြင့် တင့်တယ်စွာ မြင်ရပြန်၏။ တောင်ခြေပတ်လည် ရှုပါဘိဦး…၊ မြို့တည်နန်းတည် ခုနစ်ဌာန အပါအဝင်ဖြစ်သော မဟာအတုလဝေယန်ကျောင်းတော်၊ မဟာလောက မာရဇိန်စေတီတော်၊ သုဓမ္မာဇရပ်တော်၊ သိမ်တော်၊ ပိဋကတ်တိုက်တော်တို့သည်လည်း မြန်မာ့ဗိသုကာ လက်စွမ်းပြ လက်ရာများဖြင့် တစ်မျိုးတစ်ဘာသာစီ မူကွဲကာ ထူးခြားစွာ ပေါ်ထွန်းလာတော့၏။ ထို့ပြင် နန်းမြို့ပတ်လည် အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင် တို့တွင်လည်း ရွှေမြို့တော်ကြီးကို ဝန်းပတ်တည်ကာ ပြလမ်းအသွယ်သွယ်၊ တည်းခိုဇရပ်၊ ရေတွင်းရေကန်များသာမက ပရိယတ်စာသင်တိုက်ကြီးများ ရာချီကာ ဆောက်လုပ် လှူဒါန်း တည်ထောင်ခဲ့ပြန်၏။ ထိုအခါတွင်မူ နဂိုမူလကပင် လှပတင့်တယ်လှသော မန္တလေးတောင်တော်ဝန်းကျင် မြေပြန့်လွင်ပြင်သည် အလှတွင် အယဉ်ဆင့်ကာ ရှုတင့်မဆုံး ရှိခဲ့လေတော့သည်။
ညနေစောင်းလျှင်ဖြင့် ဧရာဝတီမြစ် နှင့် အောင်ပင်လယ်ကန် တစ်ခို ကူးချည်သန်းချည် အပြန်အလှန် အိပ်တန်းဝင်မည့် ငှက်ကျေးသာရကာတို့က သံစုံကျူးရင့်ကာ ပျံဝဲနေကြပုံများကလည်း လွမ်းဆွတ်အံ့ဖွယ်ရာတဲ့လေ … ။
ထိုစဉ် ထိုကာလ အောင်ပင်လယ်ကန်သည် ပုခန်းမင်းသားကြီး၏ အောင်မြေသာစံ အစချီ တောင်လားပတ်ပျိုး ကြီးထဲက …
‘ရွှေသွေးမျက်ခြည်၊ လေပြည်ယူသိမ်း၊ မြစိမ်းရောင်ညို့ညို့၊ မှိုင်းမို့မို့ ရေတဲ့ရေကန်သာ၊ ပဒုံရွှေကြာ အငုံဝေဆာ၊ ရဂုံတွေမှာ၊ ညိုးညိုးညင်းညင်း၊ ကြိုင်မွှေးမာလာပန်းစုံကသင်း… ‘ ဟူသော စာသားလို လှပတင့်တယ်ပေလိမ့်မည်။
ထို့ပြင် အောင်ပင်လယ်ကန်ကြီးတွင် ကျေးငှက်သာရကာတို့ ကျက်စားပျော်မြူးကြ ပုံများကလည်း မြဝတီမင်းကြီး၏ ‘လောင်းပန်းဂမုန်း အင်လေတည့်မှ’ အစချီ တောဘွဲ့ ပတ်ပျိုးကြီးထဲက …
‘မြရည်လေ ရေခင်း၊ ရွှေခပင်းငယ်မှာရွှေဟင်္သာ ကြွေးလှာရင့်ရင့်နှော၊ အလို ရွှေဟင်္သာ .. ဝေးကွာတင့်တင့်စော..၊ ဥသြရွှေသာကာလေတည့်မှ တံကြောစုံမြိုင်ချာ ခေါက်ရှာငယ်ခေါ် ကျူးခြင်း၊ နွှဲကာသာပျော်မြူးရင်း …’ ဟူသော စာသားကဲ့သို့လည်း ဖြစ်ပေလိမ့်မည်။
တကယ်တော့ အောင်ပင်လယ်ကန် နှင့် ကျေးငှက်သာရကာတို့၏ ဆက်စပ်မှုကား သည့်ထက်မက နက်နဲလှပါ၏။ ကျယ်ဝန်း လှပါ၏။ အဓိပ္ပာယ်ရှိပါ၏။ အမြော်အမြင် ကြီးမားလှပါ၏။ ဘိုးတော်ဘုရား ရေးထိုးခဲ့သော အောင်ပင်လယ်ကျောက်စာကို မူရင်းသတ်ပုံ အတိုင်း ဆက်လက်ဖတ်ရှုပါလေကုန်…။
‘ဤကန်တော်အတွင်း နိမိတ်လေရပ် သတ်မှတ်သည်နှိုက် နေပျော်ပိုက်ကုန်သော ရေပိုးရေမြွှား သားငှက်တိရစ္ဆာန်တို့အား ဘေးမရှိစေဟု အာဏာထားတော်မူသည်ကား။ မန္တရေမည်သော ရွှေတောင်၏ ရှေ့ပြုဗ္ဗာစွန် ဖိုးတော်ကူကျောက်တိုင် ဖိုးတော်ကူမှသည် တာနှစ်ထောင်ငါးရာ အရှေ့မြောက် ရေထွက်ကျောက်တိုင်။ ရေထွက်ကျောက်တိုင်မှသည်တောင်ခြေ ရင်လျှောက် လျောက်ကောက် တစင်တာ နှစ်ထောင်ခုနှစ်ရာ လေးဆယ်ခုနှစ်ပြန် အရှေ့တောင်ကျောက်ထရံကျောက်တိုင်၊ ကျောက်ထရံမှသည် တာတထောင် ခုနစ်ရာ ခုနစ်ဆယ် အနောက်တောင် ကန်ပိုင်ရိုလျောက် အနောက်မြောက် ပထမဆောက်သည် နိမိတ်သို့ ဆိုက်လေသော ပတ်ချုပ် ရိုရိုတာမထိုးသော် ကိုးထောင်ခုနစ်ရာ ခြောက်ဆယ်လေတာ အပြန်ယှိသော နိမိတ်အတွင်း၌ နေကုန်သောရေပိုးရေမြွှား သားငှက်တိရစ္ဆာန်တို့အား ဘေးမဲ့ဖြစ်စေဟု နွယ်လယခင်ရက်နှင့် တူသော ဆန်သျှစ်ရက် သိန်လက်ကန်ဆည် ကြိုက်လတ်သော် ကြိုတိုင်တာ ဝါးချသည်နှင့် တပြိုင်နက် သူတော်သူကောင်း ဗောဓိလောင်တို့ ကောင်းမှုပြုရာ …’ ဟူ၏။
အလျား (၇)မိုင်၊ အနံ (၃)မိုင် နီးပါးရှိ ကန်တော်ဧရိယာကြီးအတွင်း ရေပိုးရေမွှားမှအစ သားငှက်တိရစ္ဆာန်တို့အား ဘေးမဲ့ ပေးရမတဲ့။ အဖမ်းအဆီး အပစ်အခတ် အသတ်အညှပ် မရှိစေရဘူးတဲ့။ တကယ်တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ရင်းစေတနာသည် မြန်မာလူမျိုးတို့၏ မွေးရာပါစိတ်ရင်းကောင်း ဖြစ်သည်။ ဒါကြောင့်လည်း သက္ကရာဇ် ၁၂၂၁ခု ကဆုန် လပြည့်ကျော် ၆ရက်နေ့တွင် မြို့တည်နန်းတည် အောင်မြင်ခြင်းအထိမ်းအမှတ် မော်ကွန်းတင်နိုင်ခဲ့သော မန္တလေးရတနာပုံမ် ရွှေမြို့တော် တွင် မိုးလင်းမိုးချုပ် ကျေးငှက်သာရကာ မျိုးမည်အစုံတို့ ကောင်းကင်ယံတွင် ဝဲပျံနေကြပုံက တောင်းချင်းဆက်မûဟု ဆိုကြခြင်းဖြစ်မည်။ တောင်ရှိသည်၊ တောရှိသည်၊ မြစ်ချောင်းစိမ့်စမ်း နှင့်တကွ အင်းအိုင်ကန်သာ ပတ်လည်ဝိုင်းသည်။ ကြာမျိုးစုံ အတင့်အတယ်မှအစ သစ်ပင်ဝါးပင် ဆူကြုံနိမ့်မြင့် ငယ်လတ်ကြီး အဖီးအခိုင် အလျှံပယ်မျှ ဖြိုးကြွယ်ဝခဲ့သည်။
သည်ဝန်းကျင်ကောင်းကို စိတ်နှလုံး ဖြောင့်မှန်တည်ကြည်မှု ဓမ္မစက်ဖြင့် ထိန်းသိမ်းသကဲ့သို့၊ ‘အာဏာစက်’ဖြင့် ထိန်းကွပ် ရန် အစီအမံများကိုလည်း ကျောက်စာနိဂုံးတွင် ဖတ်ရှုရပါ၏။
‘နိဂြောဓဇာတ် စသည်တို့နှိုက် ဘေးမဲ့ပေခြင် ကြွေကြော်ခြင် တို့ကား ထိုမင်တို့ထံ သက်လျှာမျှသာတေည် ငါတို့ဘ၀ ရှင်မင်းတရားကြီးတော်မူကား တပ္ပက္ခိတိလေရပ်ကယ်သို့ ကမ္ဘာပတ်လုံမ် တည်ရစ်စေဟု ကြီမြတ်သော ကရုဏာတော်ဖြင့် ပိုင်းခြားတော်မူခယ့်သော အာဏာတော်စက်ကို မသိမိုမှား ကျူလွန်မိငြားလေသည် ဖြစ်အံ့။ ကြီစွာသော ဘေဒဏ်တို့သည် ပစ္စုပ္ပန်မျက်မှောံချက်ခြင်ရောက်လျက် စုတိအနန္တရီ၍ နှိုက်ပယ်လေဘုမ်က တလုံမ်လဲလဲ ဆင်းရဲခံရရာလေသည်။ အဖြစ်ကို ထောက်ရှုတော်မူ ရုယ် ငါစိုက်ထူခဲ့သော နိမိတ်တော် ကျောက်တိုင်လေရပ်အတွင်းသို့ ရောက်လှာကုန်သော လူပျက်လူချော်လူသရော် တို့သည်လည်း ငါကဲ့ယ့်သိုလ့် နှလုံမ်နူးညံ့ကြစေဟု ပါရမိသျှစ်တန် အဓိဌာန်ဖြင့် ကြည့်မှန် လေးစု ကြေမုံလေရပ် ကျောက်လေချပ်၌ ထပ်ထပ်ထင်ထင် သိမြင်စိမ့်ငှာ အက္ခရာမရိုင်း အာသံလှိုင်ရုယ့် သံပိုင်ရွှေစာထိုးသတေည်။ ‘ (မူရင်းသတ်ပုံ)
ကိုင်း… အောင်ပင်လယ်ကို သိမ်းပိုက်နယ်ချဲ့သူတို့ ထပ်ထပ်ထင်ထင် သိမြင်လေကြကုန်။
ဆူးငှက်
