စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့မှာ လယ်ယာသုံး ခိုင်းနွားတွေ မကြာခဏ ခိုးယူသတ်ဖြတ်ခံနေရ

ဒီဇင်ဘာ ၂၈-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက စလို့ လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားကြီးတွေ ခိုးယူသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ပေါ်ပေါက်နေတယ်လို့ နွားပျောက်ဆုံးတဲ့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

” စပါးသိမ်းချိန်ဆိုတော့ နှစ်တိုင်းကလိုပဲ ထုံးစံအတိုင်း ရွာအပြင်ဘက်မှာ နွား ၄ ကောင်ကို လှန်(လွှတ်ကျောင်း)ထားတယ်၊ ရွာနဲ့လည်းမဝေးဘူးဆိုတော့ စိတ်ချတယ်လို့ ထင်ခဲ့တာ၊ ညနေ နွားပြန်သိမ်းတော့ ခိုင်းနွား ၁ ကောင်ပျောက်နေတယ်၊ နွားပျောက်လို့ ကျွန်းလှမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်၊ ရဲကအမှုဖော်ထုတ်တဲ့အခါ နွားခိုးသူ ၂ ယောက်ကို ဖမ်းဆီးရခဲ့ပေမယ့် ခိုးရာပါ နွားကိုတော့ သတ်ဖြတ်စားသောက်ထားတာပဲ ပြန်တွေ့ရတယ်”လို့ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ရွာနေ တောင်သူ ဒေါ်မဲခိုက ပြောပါတယ်။

အဲ့ဒီလို နွားတွေ ခိုးယူခံရတာဟာ ရွှေဘိုမြို့နယ် ၊ ကန့်ဘလူမြို့နယ် ၊ကနီမြို့နယ် နဲ့ ရေဦး တန့်ဆည်မြို့နယ်ဘက်တွေမှာလည်း ဖြစ်ပွားတာတွေရှိနေပြီး အဲ့ဒီ မြို့နယ်တွေရဲ့ နွားပျောက်ဆုံးမှု အရေအတွက်ဟာ ၃ ဒါဇင် အထက်မနည်းရှိနေပေမယ့် နွားပျောက်သူတချို့ဟာ ရဲစခန်းကို သွားရောက်တိုင်ကြားခြင်းမရှိဘဲ ကိုယ်တိုင် လိုက်လံရှာဖွေနေကြတာဖြစ်တယ်လို့ သိရပါတယ်။

” ဟိုးအရင်က မှုခင်းကျဆင်းရေး လုပ်ငန်းစဉ် ၅ ရပ်အရ လယ်ယာမြေ လုပ်ငန်းခွင်လုံခြုံရေးဆိုပြီး ရဲတွေ ရွာဘက်ကို ကင်းလှည့်လာတယ်၊ အခုနောက်ပိုင်း ရဲမလာတာ နှစ်ချီရှိနေပြီ၊ ရွာကို ရဲတွေ အဝင်အထွက်ရှိနေရင် နွားခိုးဆိုတာ မကပ်ရဲဘူး”လို့ အုပ္ပုံကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မိုးက ပြောပါတယ်။

တောင်သူတွေအတွက် အဓိက အားထားရာဖြစ်တဲ့ ခိုင်းနွားတွေ ခိုးယူသတ်ဖြတ်ခံနေရတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးအဆင့်ရှိသူတစ်ဦးက ” ကန့်ဘလူခရိုင်နဲ့ ရွှေဘိုခရိုင်က နွားခိုးယူ သတ်ဖြတ်သူတွေကို ဖော်ထုတ် ဖမ်းဆီး အရေးယူထားတယ်၊ ကျန် ဒေသတွေမှာလည်း အလားတူ ဖမ်းဆီးတာ ပညာပေးတာ လုပ်နေပါတယ်၊ နွားခိုးနဲ့ပတ်သက်လို့ တရားခံ ၈ ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်” လို့ ပြောပါတယ်။

လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားတွေဟာ တချိန်က နွားအာမခံ လုပ်ငန်းတွေရှိခဲ့တာကြောင့် အခုလို နွားခိုးခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့မယ်ဆိုရင် အစားထိုး နွားတစ်ကောင် ပြန်လည်ဝယ်ယူဖို့ တောင်သူတွေအတွက် အဆင်ပြေတာမျိုးတွေ ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ နွားအာမခံလုပ်ငန်းတွေ အသက်မဝင်တော့တဲ့အတွက် နွားခိုးယူခံရတာဟာ လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ အခက်တွေ့စေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းက တောင်သူတွေဟာ ပြီးခဲ့တဲ့ ၂ လကျော်ကစလို့ နွားကိုယ်ရေပြားရောဂါကြောင့် အခက်တွေ့ခဲ့ရသလို အခုလည်း နွားခိုးပြီး သတ်ဖြတ်တာတွေရှိနေလို့ စိတ်မအေး ဖြစ်နေရတယ်လို့ ဒေသခံတောင်သူတွေပြောပြချက်အရ သိရပါတယ်။

Photo – စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #စစ်ကိုင်း #ခိုင်းနွားတွေ #ခိုးယူသတ်ဖြတ်ခံနေရ

Related posts

Leave a Comment

VOM News

FREE
VIEW