ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

ဒီဇင်ဘာ ၂၈-၂၀၂၀
ကိုတိုးကြီး (VOM)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ပါဟုတ်ကြီးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၂၇ မနက် ၁၀ နာရီက လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆယ်ဇင်းဒေသခံတွေကပြောပါတယ်။

” ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးလင်းခိုင်ဖြိုး ၊ အမှတ် ၄ ရပ်ကွက်မှူး ဦးအောင်ကျော်စိုး ၊ အမှတ်-၁ ရပ်ကွက်မှူး ဦးဖေသန်း နဲ့ ရပ်မိရပ်ဖ ဖြစ်သူ ဦးမောင်နိုင်နဲ့ ဦးသက်လုံတို့ကို ရွာရဲ့အုပ်ချုပ်ရေး ရုံးကနေ ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆယ်ဇင်းကျေးရွာဒေသခံ ပြည်သူတစ်ယောက်က ပြောပါတယ်။

ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်မိရပ်ဖ လူ ၅ ယောက်ကို ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို မြင်တွေ့လိုက်ရသူ ဒေသခံ ပြည်သူတစ်ယောက်က ” ရှမ်းနီအမျိုးသားလက်နက်ကိုင် SNA အဖွဲ့က ဦးစိုင်းပန်ကို ရုတ်တရက် မြင်လိုက်ရတယ်၊ သူတို့အဖွဲ့ပဲဖြစ်နိုင်တယ်၊ နောက်ပြီး သူတို့ မောင်းသွားတဲ့ကားက SNA အခြေစိုက်စခန်းရှိရာဘက်ကို ဦးတည်မောင်းသွားတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လူ ၅ ယောက်အနက် ရပ်မိရပ်ဖဖြစ်သူ ဦးမောင်နိုင်နဲ့ ဦးသက်လုံ ဆိုသူ ၂ ယောက်ဟာ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ညနေ ၄ နာရီကျော်မှာ ဆယ်ဇင်းရွာကို ရောက်လာခဲ့တယ်လို့ သိရပါတယ်။

” ဘာအတွက်ကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး ၊ ဒီမှာက နယ်မြေမအေးချမ်းဘူးလေ၊ ကချင်အဖွဲ့ရော ရှမ်းနီအဖွဲ့ရော ရှိတယ်၊ စီးပွားရေးဒေသဆိုတော့ ဆက်ကြေးအခွန်ကိစ္စတွေကလည်း အရမ်းရှုပ်ထွေးတယ်”လို့ ဆယ်ဇင်းဒေသခံ တစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟုမ္မလင်းမြို့နယ် ပက္ကလာကျေးရွာအုပ်စု ၊ နားနစ်ကျေးရွာနဲ့ မန်စိမ်းကျေးရွာအကြား ရွှေလုပ်ကွက်ထဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက ဆက်ကြေးလာရောက် ကောက်ခံတဲ့အခါ ဆက်ကြေးငွေ မပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တဲ့ ရွှေလုပ်ငန်းရှင် ၁ ယောက်ကို သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။

၄ ရက်အကြာမှာ အခုလိုဆယ်ဇင်းရွာက အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရပ်မိရပ်ဖတွေ ဖမ်းဆီးခံရတာနဲ့ တိုက်ဆိုင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၂ရက် ည ၇ နာရီကျော်အချိန်ကလည်း ဟုမ္မလင်းမြို့နယ်၊ မာလုံကျေးရွာထဲကို အနက်ရောင် ကား ၁ စီး ဝင်ရောက်လာပြီး အဲ့ဒီကားပေါ်က တိုင်းရင်းသား လက်နက်ကိုင် လူ ၃ ယောက်ဟာ နေအိမ်တစ်အိမ်ရဲ့အပေါ်တက်ကာ မိသားစုဝင်တွေကို သေနတ်နဲ့ ချိန်ပြီး အိမ်ရှင်ကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

အဲ့ဒီ အခြေအနေတွေနဲ့ ပတ်သက်လို့ SNAအဖွဲ့ကို သီးခြားအတည်ပြုချက်ရရှိဖို့ ဆက်သွယ်လို့ မရသေးပါဘူး။

#voiceofmyanmar #VOM #ဖားကန့် #အုပ်ချုပ်ရေးအဖွဲ့ဝင် #လက်နက်ကိုင်အဖွဲ့ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW