တောင်ကြီးမြို့မ‌ဈေးကြီးကို ဒီဇင်ဘာ(၃၀)ရက်နေ့မှာ ပြန်ဖွင့်မယ်

ဒီဇင်ဘာ ၂၉-၂၀၂၀
နေနန်းနွယ်(VOM)

တောင်ကြီးမြို့ရှိ မြို့မဈေးကြီးကို မနက်ဖြန် ဒီဇင်ဘာ (၃၀)ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။

“ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ဈေးသူဈေးသားတွေကို လိုက်နာရောင်းချစေမှာပါ။ တောင်ကြီးမြို့တော်စည်ပင်ဘက်ကလည်း အဲ့ဒီလိုသတ်မှတ်ချက်တွေနဲ့အညီ လိုက်လံစစ်ဆေးသွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့အခန်းကဏ္ဍကိုတော့ မြို့နယ်ကိုဗစ်ကော်မတီနဲ့စေတနာ့ဝန်ထမ်းအဖွဲ့တွေ ပေါင်းပြီး စစ်‌ဆေးမှု‌တွေ ပြုလုပ်ဆောင်ရွက်သွားမှာပါ”လို့ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကျပြောပါတယ်။

တောင်ကြီးမြို့မဈေး အပိုင်း (၄) K ရုံမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတစ်ဦး စတင်တွေ့ရှိခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းမှစပြီး မြို့မဈေးကြီးကို ပိတ်ထားခဲ့တာဟာ တစ်လပြည့်တော့မှာ ဖြစ်ပါတယ်။

အခု ဈေးကြီးကို ပြန်ဖွင့်ရာမှာလည်း သတ်မှတ်စည်းကမ်းတွေအတိုင်း တစ်ခန်းခြားစနစ်နဲ့ ရောင်းချခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

မြို့မဈေးကြီးအတွင်းမှာတော့ ဈေးရုံပေါင်း ၁၉ ရုံ နဲ့ ဆိုင်ခန်းပေါင်း ၁,၈၆၈ ခန်းရှိတယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၂၉ ရက်နေ့က စပြီး stay at home ဧရိယာအဖြစ် သတ်မှတ်ခဲ့တဲ့ တောင်ကြီးမြို့ရှိ မင်္ဂလာဦးရပ်ကွက်ကိုလည်း ဒီဇင်ဘာလ ၂၃ ရက်နေ့ကပဲ stay at home အမိန့်ကို ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

တောင်ကြီးမြို့ရှိ စားသောက်ဆိုင်တွေကိုလည်း ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး ဆိုင်ထိုင်စားသောက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၈၇၀ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ဆေးရုံကနေ ဆင်းခွင့်ရသူ ၇၃၄ ဦးရှိသွားပြီလို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #မြို့မဈေးပြန်ဖွင့်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW