နိုင်ငံတော်ထောက်ပံ့ငွေ သိန်း ၃၀ မပေးဘဲ ချန်ထားတဲ့ အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ဒေသခံတွေကတိုင်ကြား

ဒီဇင်ဘာ ၂၉-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်ရှိ ဗျိုက်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ အခြေခံလူတန်းစားတွေကိုပေးတဲ့ နိုင်ငံတော်ထောက်ပံ့ငွေထဲက ကျပ်သိန်း ၃၀ ကိုချန်ထားလို့ဒေသခံတွေက ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တိုင်ကြားခဲ့ပါတယ်။

“ဗျိုက်ကြီးကျေးရွာအုပ်စုမှာ ကိုဗစ်ထောက်ပံ့ကြေးငွေနဲ့ပတ်သက်ပြီးအိမ်ထောင်စု ၃၂၈ အိမ်အတွက် ငွေကျပ် ၆၅ သိန်း ၆ သောင်းကို အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း လက်မှတ်နဲ့ ထုတ်ယူခဲ့ပြီး ရပ်ကျေးမှာကျတော့ နေအိမ် ၂၇၈ အိမ်ကို တစ်အိမ် ၂ သောင်းနှုန်းနဲ့ ငွေကျပ် ၅၅ သိန်း ၆ သောင်းပဲ ဝေတယ်၊ အဲ့ဒီတော့ တစ်ကြိမ်ဝေရင် ဆယ်သိန်းလောက် ငွေကွာနေတယ်၊ ၃ ကြိမ်ဝေတော့ ငွေသိန်း ၃၀ ကွာနေတဲ့အတွက် ခိုင်မာတဲ့သက်သေခံအထောက်အထားတွေနဲ့ ကျောင်းကုန်းမြို့နယ် ထွေအုပ်ကို တိုင်ခဲ့တာပါ၊ ဒါပေမယ့် အရေးယူမှုမရှိတဲ့အတွက် ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးကို ထပ်ဆင့်တိုင်ကြားခြင်း ဖြစ်ပါတယ်”လို့ တိုင်ကြားခဲ့သူ ဗျိုက်ကြီးကျေးရွာနေသူ ဦးစိန်သောင်းက ပြောပါတယ်။

ဗျိုက်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းဟာ နိုင်ငံတော်ကနေ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို တစ်အိမ်ထောင် ၂ သောင်း ကျပ်နှုန်းနဲ့ထောက်ပံ့ငွေပေးတာကို အကုန်မဝေဘဲ တစ်ကြိမ်ကို ၁၀ သိန်းကျပ်နှုန်းနဲ့ ၃ ကြိမ်မှာ ကျပ်သိန်း ၃၀ ချန်ထားတဲ့ကိစ္စကို အရေးယူပေးဖို့တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဗျိုက်ကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ” ကျွန်တော်တို့ကျေးရွာအုပ်စုမှာ ကျေးရွာခွဲ ၇ ရွာရှိပြီး အိမ်ခြေစုစုပေါင်း ၆၆၅ လုံး ရှိပါတယ်၊ ကိုဗစ်ထာက်ပံ့ကြေးနဲ့ပတ်သက်ပြီး ပေးဝေတာ ၄ ကြိမ်ရှိပါပြီ။ ပထမဆုံး ပေးဝေတော့ မြို့နယ်ကို အိမ်ခြေ ၄၀၀ ကျော် စာရင်းတင်တဲ့နေရာမှာ အိမ်ခြေ ၂၇၈ အိမ် ထောက်ပံ့ပစ္စည်း ရရှိခဲ့ပါတယ်၊ ဒုတိယအကြိမ်မတိုင်မီ နောက်တိုးအိမ်ခြေထပ်မံတင်ပြခဲ့ရာမှာ စုစုပေါင်းအိမ်ခြေ ၃၂၈ အိမ် ရရှိခဲ့ပါတယ်။ နောက်တိုးအိမ်ခြေ ၅၀ ကို ရသေ့ချောင်း ၁၅ လုံး၊ ဗျိုက်ကြီးကုန်းစု(တလုပ်ကုန်း)၃၅ လုံး ထပ်ပေါင်းပြီး ၃၂၈ လုံးကို ၃ ကြိမ်တိုင် ပေးဝေခဲ့ရာမှာ တိုင်ကြားမှုတွေရှိတဲ့အတွက် ရပ်မိရပ်ဖတွေ၊ ကျေးရွာတာဝန်ရှိသူတွေနဲ့အစည်းအဝေးခေါ်ယူခဲ့ပြီး နောက်တိုးအိမ်ခြေ ၅၀ ကို နှစ်ရွာထဲပေးလို့ အဆင်မပြေဘူး ကျေးရွာ ၇ ရွာလုံးကို မျှပေးပါဆိုတဲ့အတွက် အိမ်ခြေများတဲ့ ဗျိုက်ကြီးကုန်းကျေးရွာ တစ်ရွာတည်းကို ၈ အိမ်ပေးပြီးတော့ ကျန်ရွာတွေကို ၇ အိမ်စီနဲ့ ပေးဝေခဲ့ပါတယ်၊ စာရင်းဇယားတွေ မှန်ကန်သော်လည်း နားလည်မှုလွဲပြီး တိုင်ကြားခံခဲ့ရတာပါ”လို့ ပြောပါတယ်။

ကျောင်းကုန်းမြို့နယ်၊ ဗျိုက်ကြီးကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၃၂၈ စုအတွက် တစ်အိမ်ထောင်ကို ၂ သောင်းကျပ်နှုန်းနဲ့ ပေးဝေဖို့ ငွေကျပ် ၆၅ သိန်း ၆ သောင်းကျပ်ကို ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

တိုင်ကြားမှုကို ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂ ကြိမ် ခေါ်ယူစစ်ဆေးခဲ့ပေမယ့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိတဲ့အတွက် အခုလို ပုသိမ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုထပ်ဆင့်တိုင်တန်းတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျောင်းကုန်း #ကျေးရွာအုပ်ချုပ်ရေးမှူး #ထောက်ပံ့ငွေကိစ္စ #တိုင်တန်း

Related posts

Leave a Comment

VOM News

FREE
VIEW