အခုနှစ်အတွင်း သတင်းသမား ၅၀ ဦးသတ်ဖြတ်ခံရပြီး ၃၈၇ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ

ပါရီ၊ ဒီဇင်ဘာ-၃၀-၂၀၂၀
မျိုးဆက် (VOM)

၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သတင်းသမား ၅၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး သူတို့ထဲက သုံးပုံနှစ်ပုံဟာ စစ်မက်ဖြစ်ပွားတာမျိုးမရှိတဲ့ နိုင်ငံတွေကဖြစ်တယ်လို့ ပါရီအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အတွင်း သတင်းသမား ၅၀ ဦးဟာ သူတို့ရဲ့ သတင်းလုပ်ငန်းလုပ်ကိုင်ရင်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သတင်းဆိုင်ရာလုပ်ငန်းတွေ နည်းပါးပေမယ့်လည်း အခုနှစ်အတွင်း အသတ်ခံရတဲ့ သတင်းသမားအရေအတွက်ဟာ ယမန်နှစ်က ၅၃ ဦးရှိတာကြောင့် အခုနှစ်မှာ အနည်းငယ်သာကျဆင်းသွားတာဖြစ်ပါတယ်။

သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၃၄ ခုဟာ စစ်မက်ဖြစ်ပွားခြင်းမရှိတဲ့ ငြိမ်းချမ်းတဲ့နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မက္ကဆီကိုနိုင်ငံမှာတော့ သတင်းသမားရှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံရေးသမားတွေနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေအကြား ဆက်နွယ်မှုကို ဖော်ထုတ်ဖို့ ကြိုးစားသူတွေ ပါဝင်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို သတင်းရေးသားခဲ့သူ ၁၄ ဦးအပါအဝင် သတင်းသမား ၃၈၇ ဦးဟာ သတင်းအလုပ်နဲ့ဆက်နွယ်ပြီး လက်ရှိအချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW