ကိုဗစ်ပိုးတွေ့သူများလို့ ယာယီအချုပ်နဲ့ထားချိန် အချုပ်သား ၂ ဦး ထွက်ပြေး

ဒီဇင်ဘာ ၃၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ပ‌ဲခူးတိုင်းအနောက်ခြမ်း၊ ဖြူးမြို့နယ်၊ ဖြူးမြို့မရဲစခန်းမှာ အခုလ၂၀ ရက်နေ့နဲ့၂၆ ရက်နေ့က Covid-19 ပိုးတွေ့သူ အချုပ်သားနဲ့ ရဲဝန်ထမ်း ၃၀ ကျော်ရှိခဲ့တာကြောင့် ပိုးမရှိတဲ့အချုပ်သားတွေကို ရဲတပ်ဖွဲ့ဓမ္မာရုံမှာ ယာယီအချုပ်ခန်းပြုလုပ်ထားချိန် တရားခံနှစ်ဦးအချုပ်ခန်းကိုဖောက်ထွင်းပြီး ဒီကနေ့ မနက်ပိုင်းက ထွက်ပြေးသွားတယ်လို့ ဖြူးမြို့မရဲစခန်းကနေ သိရပါတယ်။

” ဒီကနေ့မနက် ၃ နာရီလောက်က အချုပ်ခန်းကိုစစ်ဆေးစဉ် အချုပ်သား နှစ်ဦး ထွက်ပြေးတာသိရတယ်။ အခုထိတော့ ထ‌ွက်ပြေးသွားသူတွေကို ပြန်မမိသေးပါဘူး”လို့ ဖြူးမြို့နယ်ရ‌ဲတပ်ဖွဲ့မှူး ရဲမှူး အောင်လွင်ငြိမ်းကပြောပါတယ်။

ယာယီအချုပ်ခန်းထဲမှာ တရားရင်ဆိုင်ဆဲအချုပ်သားတွေကို သီးခြားခွဲထုတ်ထားချိန် ညတာဝန်ကျ ရဲတပ်သားနှစ်ဦးက အရှေ့၊အနောက် လုံခြုံရေးဆောင်ရွက်နေတဲ့ကြားကနေ ထွက်ပြေးသွားခဲ့တာဖြစ်တယ်
လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားနှစ်ဦးဟာ ဖြူးမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၀ ၊၃၈၂(ခိုးမှု)တို့နဲ့ ဖမ်းဆီးထားပြီး တရားရင်ဆိုင်နေကြတဲ့ ဖိုးဖြူ ခေါ် စိုးလွင်(၂၈နှစ်)နဲ့ နေထက်လင်း(၁၉ နှစ်)တို့ဖြစ်ပြီး ယာယီအချုပ်က အိမ်သာပျဉ်ချပ်ကိုခွာကာ ထ‌ွက်ပြေး လွတ်မြောက်သွားတာဖြစ်တယ်လို့ ဖြူးမြို့မရဲစခန်းကနေ သိရပါတယ်။

#voiceomyanmar #VOM #ဖြူး #အချုပ်သားနှစ်ဦး #ထွက်ပြေး

Related posts

Leave a Comment

VOM News

FREE
VIEW