မြန်မာနိုင်ငံက ပထမဆုံး ကိုဗစ်ကုသဆေးမှာ ဘေးထွက်ဆိုးကျိုးနဲ့ တားမြစ်ချက်တွေရှိနိုင်

ဒီဇင်ဘာ ၃၁-၂၀၂၀
သိင်္ဂီထွန်း(VOM)

AA Medical Product ကနေ ကိုဗစ်ကုသဆေးဆိုပြီး ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ FAVIPAC (Favipiravir 200mg) သောက်ဆေးဟာ ဘေးထွက်ဆိုးကျိုး(Side effect)ရှိတာကြောင့် ဆရာဝန်ညွှန်ကြားချက်ရှိမှသာ သောက်သုံးရမယ့်ဆေးတစ်မျိုးဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကအတည်ပြုပြောပါတယ်။

အဲ့ဒီကိုဗစ်ကုသဆေးဟာ ရောဂါလက္ခာအနည်းငယ်ပြတဲ့သူနဲ့ ရောဂါလက္ခဏာအသင့်တင့်ပြသူတွေမှာသာ အသုံးပြုနိုင်တယ်လို့လည်း ပြောပါတယ်။

“ဒီဆေးက အလွတ်တန်းသုံးလို့မရဘူး။ ဆရာဝန်ညွှန်ကြားချက်နဲ့သုံးရတာ၊ side effect လည်းတော်တော်ရှိတယ်၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်၊ကျောင်ကပ်၊အသည်းမကောင်းသူ၊ ဂေါက်ရောဂါရှိသူတွေ၊အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးတွေ သတိထားပြီးသုံးစွဲဖို့ တားမြစ်ထားတယ်။ ကိုယ်ဝန်ဆောင်ဆို မသုံးရဘူးတားမြစ်ထားတယ်”လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

နောက်ပြီး ဒီဆေးအာနိသင်မျိုးဟာ အခုမှ အသစ်ထွက်ပေါ်တာမဟုတ်ဘဲ အရင်က ဂျပန်နိုင်ငံကနေ အာနိသင်တူတဲ့ ဆေးတွေ လာရောက်လှူဒါန်းမှုရှိခဲ့ပြီး ကိုဗစ်ကုသရေးမှာလည်း အသုံးပြုမှုရှိခဲ့ပြီးသားဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ရှင်းပြပါတယ်။

FAVIPAC (Favipiravir 200mg) သောက်ဆေးဟာ Covid-19 ရောဂါလက္ခဏာ အနည်းငယ်ပြချိန်မှစပြီး သောက်သုံးကုသခြင်းဖြင့် အမြန်နလံထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသောရောဂါအဆင့်ကို ရောက်ရှိခြင်းမှလျော့ချနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာဖြစ်ကြောင်း၊ ကိုဗစ်ကုသဆေးကို မြန်မာနိုင်ငံမှာ ပထမဆုံးထုတ်နိုင်ခြင်းဖြစ်တယ်လို့ AA medical product ကုမ္ပဏီက ဒီကနေ့ နေ့လယ်ပိုင်းက တရားဝင်ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

ကိုဗစ်ကုသရေးဆေးတွေကို ရန်ကုန်တိုင်းထဲက ကိုဗစ်ကုသရေးဆေးရုံနဲ့ ကိုဗစ်ကုသရေးဌာန ၁၅ ခု၊ မန္တလေးတိုင်းအတွင်းက ကိုဗစ်ကုသရေးဆေးရုံ ၃ ခု၊ နေပြည်တော်ကုတင်၁၀၀၀ ၊ မကွေးဆေးရုံကြီး၊ စပ်စံထွန်းဆေးရုံကြီး၊ ပဲခူးဆေးရုံကြီး၊ ပုသိမ်ဆေးရုံကြီး၊ မော်လမြိုင်ဆေးရုံကြီး၊ မြစ်ကြီးနားဆေးရုံကြီး စတာတွေကို ကုသဆေး ၅ သောင်း လှူဒါန်းသွားပြီး ဗဟိုဆေးသိုလှောင်ရေးဌာန CMSD မှာ ဆေး ၁ သောင်းကို သိုလှောင်ထားရှိမယ်လို့ AA ဆေးကုမ္ပဏီရဲ့ ထုတ်ပြန်မှုမှာဖော်ပြထားပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ အဲ့ဒီကိုဗစ်ကုသဆေးကို FDA ခွင့်ပြုချက်ရရင် လက်ရှိ ကိုဗစ်ကုသရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – AA Medical Product
#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ်ကုသဆေး #ဘေးထွက်ဆိုးကျိုးရှိ

Related posts

Leave a Comment

VOM News

FREE
VIEW