မြန်မာ – တရုတ်နယ်စပ်မှာ ပိတ်မိနေတဲ့ ကျွဲ/ နွားတွေ ပြည်တွင်ကို ပြန်လည်သယ်ယူခွင့် ကုမ္မဏီ ၅ ခုရ

ဇန်နဝါရီ ၈ – ၂၀၂၁
ကိုတိုးကြီး (VOM)

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က နွားပွဲဈေးမှာ တရုတ် ဝယ်လက်မရှိတဲ့အတွက် လပေါင်းအတော်ကြာ သောင်းနဲ့ချီ ပိတ်မိနေတဲ့ ကျွဲ/ နွားတွေကို ပြည်တွင်းဘက် ပြန်လည်တင်သွင်းဖို့ ကုမ္မဏီ ၅ ခုကို ခွင့်ပြုလိုက်တယ်လို့ မူဆယ်နွားပွဲဈေးကနေ သိရပါတယ်။

“တရုတ်ဝယ်လက်က ကိုဗစ် ၁၉ ရောဂါကြောင့် အဝယ်ရပ်ထားတယ် ၊ နွားပွဲဈေးမှာ ကျွဲ/ နွား အကောင်ရေ ၁ သောင်းကျော် ၂ သောင်းနီးပါး ပိတ်မိနေတယ် ၊ အဲ့ဒါကြောင့် နေ့စဉ် ထိန်းသိမ်းစရိတ်နဲ့ ကျွေးမွေးစရိတ်တွေက တစ်ရက်နဲ့ တစ်ရက် ကုန်ကျမှုများလာတယ်၊ ဒီအတွက် ကုန်သည်တွေ တွက်ချေမကိုက်ဖြစ်တာကြောင့် ပြည်တွင်းကို ပြန်လည် သယ်ဆောင်ဖို့ (၁၀၅)နယ်စပ်ကုန်သွယ်ရေးဂိတ်ကို လျှောက်ထားတာ ကုမ္မဏီ ၄၂ ခု ရှိအနက်က ကုမ္မဏီ ၅ ခုကတော့ သယ်ယူခွင့်ရသွားပြီ” လို့ မူဆယ် နွားပွဲဈေးက ကုန်သည် ဦးသန်းဦးက ပြောပါတယ်။

နယ်စပ်ကုန်စည်ဈေးကွက်က နွားပွဲဈေးမှာ ဝယ်လက်မရှိလို့ ပိတ်မိနေတဲ့ ကျွဲ/ နွား တွေကို သက်ဆိုင်ရာက ၂၀၂၁၊ ဇန်နဝါရီ ၁ ရက်မှာ ဈေးကွက်ပွင့်အောင် တာဝန်ယူ လုပ်ဆောင်ပေးမယ်လို့ အစီအစဉ်တွေရှိခဲ့ပေမယ့် အခု ကိုဗစ်-၁၉ ရောဂါကြောင့် အဲ့ဒီ အစီအစဉ်တွေပျက်သွားခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မွေးမြူရေးနဲ့ ကုသရေးဦးစီဌာနက ကျွဲ/ နွား တွေမှာဖြစ်တတ်တဲ့ ရာသီပေါ်ရောဂါကာကွယ်ဆေးထိုးဖို့အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေး ပို့ကုန်စာရင်းမှာ တချိန်က ကျွဲ/ နွား တင်ပို့ရောင်းချ ကုန်သွယ်ခွင့် မရခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ကျွဲ/ နွား တွေကို တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ ဆေးစစ်ချက်ထောက်ခံမှုနဲ့အညီ ပြည်ပပို့တဲ့ကုန်စည်အဖြစ် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ပိတ်မိနေတဲ့နွား #တင်ပို့ခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW