ရန်ကုန် မင်္ဂလာဈေးကို မနက်ဖြန် ပြန်ဖွင့်မယ်

ဇန်နဝါရီ ၃၁ -၂၀၂၁
ယဉ်ပပထွန်း(VOM)
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မှာရှိနေတဲ့ မင်္ဂလာဈေးအပါအဝင် မင်္ဂလာဈေးသစ် ၊ ရွှေပြည့်စုံဈေး ၊ မင်္ဂလာမွန်ဈေး ၊ အဆင့်မြင့် မင်္ဂလာဈေး စတဲ့ ဈေး ၅ ဈေးကို မနက်ဖြန် ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး ပြန်ဖွင့်မယ်လို့ မင်္ဂလာဈေးအကိျုးဆောင်အဖွဲ့ကနေ သိရပါတယ်။
မင်္ဂလာဈေးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ပြန်လည်ဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာဌာနကို တင်ပြထားပြီးနောက်ပိုင်း ကျန်းမာရေးကာကွယ်ပစ္စည်းတွေနဲ့အတူ ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်နိုင်ဖို့ ဈေးသူ ၊ ဈေးသားကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးတောင်းဆိုထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
“ ဈေးကိုပိတ်ထားတာက ၄ လနဲ့ ရက် ၂၀ ရှိနေပြီ ။ အန်တီတို့က လေးကြိမ် အစည်းအဝေးထိုင်ပြီးတော့ ကိုဗစ်စည်းကမ်းကျန်းမာရေးအကာအကွယ်တွေနဲ့ ထွက်ပါမယ်ဆိုပြီးတော့ ဈေးအကျိုးဆောင်ကိုယ်စားလှယ်တွေရယ် ဈေးအထက်ကိုယ်စားလှယ်တွေက တာဝန်ယူမှု တာဝန်ခံမှု လက်မှတ်တွေထိုးထားရပါတယ်။ ကျန်းမာရေးနဲ့အညီ စံပြအနေနဲ့ စည်ပင်သာယာဈေးအားလုံးထဲမှာ ပထမဆုံးဖွင့်ရတဲ့ ဈေး ။ ဒီနေ့ဈေးသန့်ရှင်းရေးလုပ်နေတယ်။ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိဖွင့်မယ်။ ဈေးပိတ်ချိန်က ဥပုသ်နေ့ နဲ့ အစိုးရရုံးပိတ်ရက်ကလွဲရင်ပုံမှန်အတိုင်းဖွင့်မယ်“လို့ မင်္ဂလာဈေးအကျိုးဆောင်နာယက ဒေါ်ညိုညိုဦးက VOM ကိုပြောပါတယ်။
ဒါ့အပြင် ပန်းဘဲတန်းမြို့နယ်က ဗိုလ်ချုပ်ဈေးနဲ့ သိမ်းကြီးဈေးတွေကိုလည်း ပြန်လည်ဖွင့်နိုင်ဖို့အတွက် တိုင်းကျန်းမာရေးအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ရက်နေ့က လာရောက်စစ်ဆေးမှုတွေ ပြုလုပ်သွားပြီးဖြစတယ်လို့ ပန်းဘဲတန်းမြို့နယ် အမှတ်(၁) တိုင်းကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကလည်း တာမွေမြို့နယ်က ယုဇနပါလာဇာကို ကိုဗစ်စည်းကမ်းချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရန်ကုန် #မင်္ဂလာဈေး #မနက်ဖြန်ပြန်ဖွင့်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW