အာဏာသိမ်းအစိုးရလို့ရေးတာဟာ သွေးထိုးလှုံ့ဆော်ပေးရာရောက်လို့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီရေးဖို့ ပြန်ကြားရေးအကြောင်းကြား

မန္တလေး-ဖေဖေါ်ဝါရီ-၁၃-၂၀၂၁

Voice Of Myanmar

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့ ရေးတာဟာ ကျင့်ဝတ်ချိုးဖေါက်ရာရောက်လို့ ကျင့်ဝတ်နဲ့အညီရေးသားဖို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမြင့်ကျော်ရဲ့ လက်မှတ်နဲ့  သတင်းမီဒီယာတွေသိဖို့ မီဒီယာကောင်စီကို အကြောင်းကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ဒုတိယအတွင်းဝန် ဦးမြင့်ကျော်ကို  VOM က ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေဆိုပေးတာမရှိတာကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း(ဒီမင်း) ကို VOM ကဆက်သွယ်မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။

 

VOM- သတင်းမီဒီယာကောင်စီအနေနဲ့ရော သတင်းမီဒီယာတွေကို ကာကွယ်ဖို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို ဘယ်လိုမျိုး တုံ့ပြန်သွားမလဲ။

 

ကိုကျော်စွာမင်း- အဲ့ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှမတုံ့ပြန်ရသေးပါဘူး။ အကြောင်းကြားစာလက်ခံရရှိထားတာပဲ ရှိပါသေးတယ်။ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် ကျနော်တို့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ကျနော်တို့ ကောင်စီဝင်တွေ မဆွေးနွေးရသေးပါဘူး။

 

VOM- သူတို့တားမြစ်သလို အာဏာသိမ်းအစိုးရလို့မရေးရင် သတင်းမီဒီယာတွေက ဘယ်လိုရေးသင့်တယ်လို့ အကြံပေးချင်လဲဗျ။

 

ကိုကျော်စွာမင်း- သတင်းမီဒီယာတွေက လွတ်လပ်စွာနဲ့ ရေးခွင့်ရှိပါတယ်။ ထင်မြင်ယူဆချက်တွေ၊ပြည်သူလူထု သိစေနိုင်တဲ့ နားလည်ရမယ့်စကားလုံးတွေက သူတို့အနေနဲ့ လွတ်လပ်စွာ အသုံးပြုခွင့်ရှိတယ်။ ဒါပေမယ့် တဖက်ကတော့သူတို့က ဒီလိုမျိုးတောင်းဆိုတာက သူတို့သည်ဒီလိုမျိုးရေးသင့်တယ်ဆိုတာ သူတို့ရဲ့ တောင်းဆိုချက်ပေါ့နော်။ ရပ်တည်ချက်သဘောထားပေါ့။ ဒါပေမယ့်သတင်းမီဒီယာတွေကတော့ သတင်းမီဒီယာသမားတွေရဲ့ လွတ်လပ်ခွင့်အပေါ်မှာပဲ မူတည်ပါတယ်။

 

VOM- တချို့သတင်းမီဒီယာသမားတွေက ဆန္ဒပြမှုတွေထဲမှာ ပါနေကြတာတွေရှိတယ်။ ဒီကိစ္စကိုရော ဘယ်လိုသဘောထားမှတ်ချက်ပေးချင်လဲ။

 

ကိုကျော်စွာမင်း- သတင်းမီဒီယာသမားကတော့ စကတည်းက သတင်းမီဒီယာကျင့်ဝတ်တွေမှာဖော်ပြပြီးသား ရှိပြီးသား။ သတင်းသမားကတော့ သတင်းရေးသားတင်ဆက်မှုကလွဲလို ကျန်တာလုပ်လို့မရဘူး။ ဒါပေမယ့် လုပ်ချင်ရင်တော့ သူ့ရဲ့ သတင်းမီဒီယာနဲ့ မဆက်ဆိုင်ဘဲနဲ့ သူရဲ့လွတ်လပ်စွာ လူပုဂ္ဂိုလ် တဦးတယောက်ကတော့ အခြေခံဥပဒေအရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်။ ဒါပေမယ့် အဲ့ဒါကိုတော့ ခွဲခြားဖို့လိုတယ်။ သတင်းရယူနေတဲ့အချိန်နဲ့ လုပ်ငန်းတာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ ဆန္ဒပြရင်တော့ ကျင့်ဝတ်နဲ့မညီဘူး။ ဒါပေမယ့် သတင်းမလိုက်ဘူး။သူ့ကိုယ်သူ သာမာန် ပြည်သူလူထုတယောက်အနေနဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်တယ်ဆိုရင်တော့ဒါသူ့အခွင့်အရေးပါ။

 

VOM- လတ်တလောမှာ သတင်းထောက်အဖမ်းခံရတာ ဘယ်နှစ်ယောက်လောက် ရှိပြီလဲ။အကြောင်းကြားထားတာ ရှိလား။

 

ကိုကျော်စွာမင်း- တရားဝင်အကြောင်းကြားတာတော့ မရှိဘူး။ ဖုန်းနဲ့တိုင်တန်း ပြောဆိုတာလောက်ပဲ ရှိပါတယ်။

 

VOM- ဝေါ၊ ပုသိမ်၊ တောင်ငူတို့မှာ သတင်းထောက်ဖမ်းခံရတာတွေရှိတယ်လို့ ကြားလို့ဗျ၊ အဲ့ဒါဟုတ်ပါလား။

 

ကိုကျော်စွာမင်း- ကြားတာပဲရှိတယ်ဗျ။ ကျနော်တို့ဆီမှာတော့ တရားဝင် တိုင်တန်းတာမျိုးတော့ မရှိသေးပါဘူး။

 

 

VOM- သတင်းမီဒီယာသမားတွေကိုရော ဘာများမေတ္တာရပ်ခံချင်တာ ရှိမလဲ။

 

ကိုကျော်စွာမင်း- သတင်းမီဒီယာသမားတွေအနေနဲ့ ဒီအချိန်မှာ အင်မတန်အရေးကြီးတယ်။အင်မတန်မှ တခြားအချိန်ကာလနဲ့ လုံးဝမတူဘူး။ ကျနော်တို့က သတင်းသမားဖြစ်တဲ့အတွက်သတင်းမီဒီယာသမားက Virus ကင်းရမယ်။ Neutral ကျရမယ်။ ကျနော်တို့ ရေးသားတင်ဆက်မှုတွေကလည်း ကျင့်ဝတ်နဲ့အညီဖြစ်ဖို့လိုတယ်။ ဒါအင်မတန်အရေးကြီးတယ်။ တခုခုများတိမ်းစောင်းသွားမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ဒီအချိန်က အင်မတန် sensitive ဖြစ်တဲ့အခါမှာပုံမှန်ဆောင်ရွက်နေတာတွေထက် ပိုပြီး သတိကြီးကြီးထားဖို့လိုတယ်။ သတင်းသမားတွေအနေနဲ့လည်း သိသာထင်ရှားစွာ ကျနော်တို့သည် သတင်းမီဒီယာသမားဖြစ်တယ်ဆိုတာကိုလည်း နှစ်ဖက်စလုံးကို သိစေဖို့လိုအပ်တယ်။ ဒါမှသာလျှင် တဖက်က ကျနော်တို့ ထင်မြင်နေတာက သတင်းသမားတွေကို ဆန္ဒပြတဲ့လူတွေက အင်ဖော်မာဆိုပြီး တချို့ကိုလည်း သံသယအဖြစ် မြင်တယ်။တဖက်ကလည်း သတင်းသမားဆိုရင် အကြမ်းဖက်ဖို့ စဉ်းစားတာတွေရှိတယ်။ ဒါအင်မတန်မှ ကျနော်တို့သတင်းသမားတွေအတွက် အန္တရာယ်၊ စိန်ခေါ်မှုရှိတဲ့ကာလဖြစ်တဲ့အတွက် အစစအရာရာသတိရှိပါ။ လိုအပ်ရင် အတွင်းရေးမှူးတွေကို ကျနော်တို့ ဖုန်းဆက်ပြီးတော့ ချက်ချင်းအကူအညီတောင်းခံနိုင်ပါတယ်။ ကျနော်တို့ နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးသွားပါမယ်။

 

#voicofmyanmar   #VOM #မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ #ပြန်ကြားရေးဝန်ကြီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW