ခင်ဦးနယ် မုံလှရွာ အုပ်ချုပ်ရေးမှူး အိမ်မှာအိပ်နေချိန် သေနတ်နဲ့ဝင်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၇ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြိူ့နယ် ၊ မုံလှကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကို ဒီကနေ့မနက် အစောပိုင်းက အမည်မသိသေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်တာကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူဟာ နေရာမှာတင် သေဆုံးသွားတယ်လို့ ခင်ဦးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” ဒီမနက် အစောပိုင်း ၁ နာရီဝန်းကျင်လောက်ကဖြစ်တာပါ ၊ လက်နက်တွေကိုင်ထားတဲ့ လူ ၁ ဒါဇင်လောက်ဟာ အုပ်ကြီး အိမ်ထဲကိုဝင်လာပြီး အုပ်ကြီးကို ပစ်သတ်တယ် ၊ အဲ့ဒီအချိန် အုပ်ကြီးက သူ့မိသားစုနဲ့အတူ ရှိနေတယ် ၊ အဲ့ဒီ လူတွေက အုပ်ကြီးမိန်းမနဲ့ ကလေးတွေကို ရန်မူတာတော့ မရှိဘူး ” လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ် ။
 
သေဆုံးခဲ့သူဟာ မုံလှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင် အသက် ၄၄ နှစ်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
 
” ကိုဇော်မင်းနိုင် သေဆုံးရတာက ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေအပြင် ပြတ်ရှဒဏ်ရာတွေနဲ့ ထိုးသွင်းဒဏ်ရာတွေပါ ရထားတယ် “လို့ မုံလှရွာခံ တစ်ယောက်က ပြောပါတယ် ။
 
အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ရုံးက ” စစ်ဆေးဆောင်ရွက်နေတုန်းမို့ ဘာမှ ပြောလို့မရနိုင်သေးဘူး ” လို့ VOM ရဲ့ ဆက်သွယ်မေးမြန်းတာကို အဲ့ဒီအတိုင်း ပြန်လည်ဖြေကြားပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ခင်ဦးမြို့နယ်မှာ လူသတ်မှု အကြိမ်ရေ ၁ ဒါဇင်နီးပါး ဆက်တိုက်ဖြစ်ခဲ့ပြီး သေဆုံးရသူတွေဟာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၊ ပြည်ခိုင်ဖြိုး ရပ်/ကျေး စည်းရုံးရေးမှူးတွေ အပါအဝင် ဒလန်လို့ နာမည်ထွက်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် သေဆုံးသူတွေဟာ သေနတ်ကျည်ဆံ ဖောက်ဝင်ဒဏ်ရာ ၊ ပြတ်ရှထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးရတာဖြစ်ပြီး သေဆုံးမှုဖြစ်စဥ်တစ်ခုမှာ ဦးခေါင်းဖြတ် ဒဏ်ရာလည်း ပါဝင်နေတယ်လို့ ခင်ဦးမြို့ခံတွေရဲ့ ဝေဖန်ပြောပြချက်တွေအရ သိရတာဖြစ်ပြီး VOMက သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။
 
#voiceofmyanmar #VOM #ခင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW