ရခိုင်မှာ ကုန်ဈေးနှုန်းတွေမြင့်လို့ အခြေခံလူတန်းစားတွေအခက်တွေ့

စစ်တွေ၊ ဩဂုတ် ၇- ၂၀၂၁
HAS (VOM)
 
ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတွေမြင့်တက်နေလို့ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ အခြေခံလူတန်းစားတွေအတွက် ထိခိုက်မှုရှိနေပြီး နေစဉ်ဘဝအတွက် စားဝတ်နေရေးပိုင်းမှာ အခက်အခဲများရှိနေတယ်လို့ သိရပါတယ်။
 
လက်ရှိမှာ ပြည်နယ်တွင်း ကုန်ဈေးနှုန်းတွေဟာ တည်ငြိမ်မှုမရှိဘဲ ကုန်စည်အများစုမှာ ဈေးနှုန်းတက်လာတယ်လို့ ရခိုင်ပြည်နယ် စီးပွားရေးဦးဆောင် အများပိုင်ကုမ္မဏီလီမိတက်က မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ကြီးက ပြောပါတယ်။
 
“ အခြေခံလူတန်းစားတွေကတော့ စားဝတ်နေရေးအခြေအနေတွေမှာ ဝင်ငွေမရှိတဲ့လူတွေဆိုရင် အငတ်ပြဿနာတွေနဲ့ ရင်ဆိုင်လာရတယ်။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် အငတ်ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရမယ့် အနေထားတွေကို မြင်နေရတယ်။ လူတွေက အလုပ်အကိုင်အခွင့်အလမ်းကမရှိ။ ကုန်ဈေးနှုန်းတွေတက်တာတွေကြောင့် လူတွေက တော်တော်ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ” လို့ ဦးခင်မောင်ကြီးက ပြောပါတယ်။
 
အဲ့ဒီလိုမျိုး အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကို တာဝန်ရှိသူတွေနဲ့ အရပ်ဖက်လူမှုရေးသမားတွေ၊ စီးပွားရေးသမားတွေပါ အားလုံးဝိုင်းဝန်းဖြေရှင်းသင့်ကြောင်း သူကပြောပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ မတ်လက စပြီး ကုန်ဈေးနှုန်းတွေမြင့်တက်ခဲ့တာဖြစ်ပြီး လူထုရဲ့ နေ့စဉ်စားသုံးကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် ကအစ ဈေးနှုန်းတွေမြင့်တက်နေတာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံအတွင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစကာ နိုင်ငံရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံအတွင်း ကုန်စည်စီးဆင်းမှုတွေကြန့်ကြာလာပြီး ကုန်ဈေးနှုန်းတွေပါ အဆမတန်မြင့်တက်လာခဲ့ပါတယ်။
 
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကုန်စည်ဈေးနှုန်းတွေဟာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို (၄၇၀,၀၀) ကျပ်၊ ရိုးရိုးဆန်ဖြစ်တဲ့ သီရိတုန်ကတော့ တစ်အိတ်ကို (၃၅၀,၀၀) ကျပ်ထိ ရှိနေပြီး အရင်က ဆန်တစ်အိတ်ကို ကျပ် (၂၀၀,၀၀) ကျော်လောက်သာရှိခဲ့ကြောင်း ဈေးဆိုင်ပိုင်ရှင်တွေဆီကနေ သိရပါတယ်။
 
စစ်တွေမြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက “ ကုန်ဈေးနှုန်းတွေကတော့ ပုံမှန်ထက် ပိုတက်သွားတာပေါ့။ ဒီရက်ပိုင်းအတွင်းမှာတော့ ကုန်ဈေးနှုန်းက နည်းနည်းငြိမ်နေတယ်လို့ ပြောလို့ရပါတယ်။” လို့ ပြောပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတဲ့အတွက် အခြေခံလူတန်းစားတွေကို ငွေကြေးတတ်နိုင်သူတွေနဲ့ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့တွေကနေ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နဲ့ ကြက်ဥ တွေကို လှူဒါန်းပေးတဲ့ အစီအစဉ်တွေလည်း ပြုလုပ်နေကြတာလည်း ရှိပါတယ်။
 
#voiceofmyanmar #VOM #ရခိုင

Related posts

Leave a Comment

VOM News

FREE
VIEW