ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ ဝန်ကြီးဟောင်း (၅) ဦးကို အဂတိ ပုဒ်မ-၅၅ နဲ့ အမှုဖွင့်

ဩဂုတ် ၁၃-၂၀၂၁
HAS (VOM)
 
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ယခင်ပြည်နယ်အစိုးရ ဝန်ကြီးဟောင်း(၅) ဦးကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ-၅၅ နဲ့ အမှုဖွင့်ထားကြောင်း နိုင်ငံပိုင်သတင်းဌာနကနေ ဒီကနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
 
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးဖြစ်သူကလည်း ဖခင်ဖြစ်သူနောက်ထပ် အမှုဖွင့်ခံထားရကြောင်း သတင်းတွေအရ သိရကြောင်းပြောပါတယ်။
 
ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးဖြစ်သူ မကြည်ကြည်ဦးက “ အဖေ့ကို အမှုဖွင့်ထားတယ်ဆိုတာကို မိသားစုကိုတော့ တရားဝင်သတင်းပို့တာတော့ မရှိပါဘူး။ ဒါပေမယ့် သတင်းတွေမှာလည်း ပါတယ်။ သူများတွေလည်း ပြောပြတယ်ဆိုတော့ အဲ့ဒီလိုတော့ သိထားပါတယ်။” လို့ ပြောပါတယ်။
 
လက်ရှိ န.စ.က က အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ထားတဲ့ထဲမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ အခွန်စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနဲ့ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
 
ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ကိုလည်း တောင်ကုတ်မြို့ပေါ်မှာ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုနဲ့ ဘေးစီမံပုဒ်မ ၂၅ နဲ့ အမှုဖွင့်ခံထားရကာ လက်ရှိအချိန်ထိအမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
 
ပြည်နယ် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်ကိုတော့ မနေ့ ဩဂုတ်လ ၁၂ ရက်နေ့က ရမ်းဗြဲမြို့ရှိ နေအိမ်ကနေ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရပါတယ်။
 
အဲ့ဒီအထဲက ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်း ၁၁ နာရီလောက်မှာ ဂွမြို့ရှိ နေအိမ်မှာ ဖမ်းဆီးခံရပြီးနောက်ပိုင်း နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့် ခံထားရပြီး လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
 
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးမကြည်ကြည်ဦးက “ အခုနောက်ပိုင်း ရုံးလည်းမထုတ်တော့ အဖေ့ကျန်းမာရေးကောင်းမကောင်းကို မသိရပါဘူး။ အရင်ကဆိုရင်တော့ ရုံးချိန်းတွေကျရင် ရှေ့နေက တဆင့်သိရတယ်။ အခုက ရုံးလည်းမထုတ်တဲ့အခါ ကိုဗစ်လည်း ဖြစ်နေတော့ ကျန်းမာရေးအတွက် စိုးရိမ်မိပါတယ်။” လို့ ပြောပါတယ်။
 
သူတို့အားလုံးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၅ နဲ့ စစ်တွေမြို့မရဲစခန်းမှာ တိုင်ချက်ဖွင့်ထားကြောင်းသိရပြီး ဦးညီပု၊ ဦးကျော်အေးသိန်းနဲ့ ဦးအောင်ကျော်ဇံတို့ဟာ ဂွမြို့၊ ရွာမနဲ့ ကင်းရုံးရပ်ကွက်ကြားရှိ ဂွချောင်းဂုံးသောင်မြေနေရာမှာ တန်ဖိုးနည်းအိမ်ရာဖော်ထုတ်မှု၊ နိုင်ငံပိုင်အဆောက်အဦး (၃) ခုကို အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ဖို့ ကုမ္မဏီတစ်ခုကို ငှားရမ်းမှုနဲ့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ကျပ် (၈၆၅) သန်းကို ပြည်နယ်ဒေသဖွံ့ဖြိုးရေး ရံပုံငွေမှာ မထည့်သွင်းပဲ ဆက်လက်သုံးစွဲခဲ့မှုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုတော့ ဈေး (၅) ဈေးဆောက်လုပ်လုပ်ရာမှာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီမှု၊ တောင်ကုတ်မြို့မဈေးတည်ဆောက်ရာမှာ သတ်မှတ်တင်ဒါဈေးထက် ကျပ်သန်း (၁၇၀) ပိုပြီး စာချုပ်ချုပ်ခဲ့တဲ့အတွက်ဆိုပြီး အခုလို အမျိုးဖွင့်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
#voiceofmyanmar #VOM #ရခိုင

Related posts

Leave a Comment

VOM News

FREE
VIEW