သီရီမင်္ဂလာစျေးရှေ့က ယာဥ်ထိန်းရဲ ဓားနဲ့ထိုးခံရလို့ ဆေးရုံတင်လိုက်ရ

ရန်ကုန်၊ဩဂုတ် ၁၃ -၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အမှတ် ၄ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ သိရိမင်္ဂလာဈေးရှေ့မှာ မော်တော်ယာဉ်တွေကို လမ်းရှင်းပေးနေတဲ့ ယာဥ်ထိန်းရဲတစ်ဦး ဒီကနေ့ နေ့လယ် ၁နာရီခွဲက ဓားနဲ့ထိုးခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။
 
အဲ့ဒီယာဥ်ထိန်းရဲကို ကားတစ်စီးပေါ်ကနေ အမည်မသိသူနှစ်ဦး ဆင်းလာပြီး ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ အိုဝမ်းမှတ်တိုင်မှာ နေသူတစ်ဦးက ပြောပါတယ်။
 
“ဘာကြောင့်ဓားနဲ့ထိုးသွားလဲတော့ မသိဘူး၊ ကားတွေပိတ်နေလို့ လမ်းရှင်းနေတာ၊ လည်ပင်းနဲ့ဗိုက်ကိုထိုးတာ၊ ဒဏ်ရာကပြင်းတယ် ဆေးရုံကိုပို့လိုက်ပြီ၊ စစ်တပ်နဲ့ရဲတွေလည်းရောက်နေပြီ”လို့ သူကရှင်းပြပါတယ်။
 
ဓားနဲ့အထိုးခံရတဲ့ ယာဥ်ထိန်းရဲဟာ ဒု-တပ်ကြပ်ကောင်းထက်ကိုကိုဖြစ်ပြီး ဒဏ်ရာပြင်းထန်လို့ တပ်မတော်စစ်ဆေးရုံခုတင် ၅၀၀ ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
 
သီရီမင်္ဂလာစျေးဟာ ပိတောက်ချောင်းရဲစခန်းဘေးမှာတည်ရှိပြီး လက်တလောမှာတော့ စစ်တပ်နဲ့ရဲတွေဟာ ရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။
 
လှိုင်မြို့နယ်၊ ၁၃ရပ်ကွက်၊ သီရီမြိုင် ၁၀လမ်းမှာ ဇွန် ၂၂ရက် မနက်ပိုင်းက အာရုဏ်ဦးလ္ဘက်ရည်ဆိုင်ပိုင်ရှင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူဦးကျော်အေးကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။
 
အလားတူ သြဂုတ် ၅ရက် နေ့လယ်ပိုင်းကလည်း လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းမှာ စျေးရောင်းနေတဲ့ ဒလန်လို့နာမည်ထွက်နေတဲ့ ဦးစန်းလင်းတို့လင်မယားကို အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့လို့ ဦးစန်းလင်း သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW