ရွှေလီနဲ့ ဝမ်တိန်တံတားကို ပြန်ပိတ်

ဩဂုတ် ၂၀၊ ၂၀၂၁
Shy V (VOM)
 
မြန်မာနဲ့ တရုတ် ကုန်သွယ်ရာမှာ အရေးပါတဲ့ တံတားဖြစ်တဲ့ တရုတ်ဘက်က ရွှေလီ-ဝမ်တိန်တံတားကို ဩဂုတ်လ ၁၈ ရက်နေ့က ဖွင့်လိုက်တာဖြစ်ပေမယ့် ဒီကနေ့ မနက်ပိုင်းကစပြီး ပြန်ပိတ်လိုက်တယ်လို့ ဝမ်တိန်ဘက်ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
 
လက်ရှိမှာတော့ ဝမ်တိန်ကနေ ရွှေလီဘက် ပေးမသွားသေးသလို ရွှေလီဘက်ကနေ ဝမ်တိန်ဘက်ကို မဝင်ခိုင်းဘဲ ပြန်လှည့်ခိုင်းတဲ့ကားတွေနဲ့ တန်းစီပိတ်နေတဲ့ ကားတွေရော ရှိနေတယ်လို့ သိရပါတယ်။
 
” တံတားနားမှာ လာရောက် စောင့်ကြည့်နေဆဲ၊ ဘာမှ ထူးထူးခြားခြား မသိရသေးဘူး၊ ကျွန်တော်တို့လည်း အတိအကျ မေးလို့ မရဘူး။ ဘာမှ မသိရဘူး။ လောလောဆယ် ကျန်းမာရေးကဒ် စစ်တယ်။ တချို့တွေက ပေးသွားတယ်။ တချို့က ပြန်လှည့်ခိုင်းတယ်။ ဒီလောက်ပဲ မြင်ရသေးတာလေ။ အနီးကပ်လည်း သွားမေးလို့လည်း မရဘူး ရဲ ဆိုတော့။” လို့ တံတားနားရောက်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ရွှေလီဘက်မှာ လချီပိတ်မိနေတဲ့ မြန်မာကုန်တင်ကားတွေရှိနေပြီး တံတားဖွင့်ပေးတဲ့ ၂ ရက်အတွင်း မြန်မာကား အချို့သာ ဝမ်တိန်ဘက် ရွှေ့နိုင်ခဲ့တယ်လို့ မြန်မာ ကုန်သည်တွေက ဆိုပါတယ်။
 
“ဘာကြောင့် ကန့်သတ်လိုက်ရတယ် ဆိုတာ သေချာ မသိရသေးဘူး။ တရုတ်တွေရော ဘာတွေရော ဟိုတစ်နေ့တည်းက သူတို့က မလိုအပ်ဘဲ မသွားရတော့ဘူးလို့ ပြောထားတာ။ တရုတ်တွေတချို့ကို ပေးသွားတယ်ဆိုတာကလည်း ရွှေလီမှာ တရုတ်တွေ အခု ကလေးတွေကို ကာကွယ်ဆေးထိုးနေရတာကြောင့် ပေးသွားတယ်။ အဲ့ဒီလိုမဟုတ်ဘဲနဲ့ ဒီအတိုင်းပဲ အလည်အပတ် သက်သက် အလုပ်ကိစ္စ အကြောင်းအရာ တစ်စုံတရာမရှိဘဲနဲ့ သွားလို့ မရဘူး။ ဘာကြောင့် ကန့်သတ်လိုက်တာတော့ သေချာ မသိရသေးဘူး။ တစ်ချို့ကားတွေ ပြန်လှည့်ခိုင်းတယ် ကြားတယ်။ တရုတ်ရှန်တိန် ယာဥ်မောင်းကို ယူခိုင်းရင်လည်း ရတယ်ပြောတယ်။ အတိကျမသိသေးဘူး။ ထပ်မမေးဖြစ်ဘူး။ မအားလို့။” လို့ ဝမ်တိန်ရောက် မြန်မာကုန်သည်တစ်ဦးက ပြောပါတယ်။
 
တရုတ်-မြန်မာ အဓိက ကုန်သွယ်ရာ မြို့တစ်မြို့ ဖြစ်တဲ့ ရွှေလီကို ဩဂုတ်လ ၁၈ ရက်နေ့ တရုတ်အချိန် မနက် ၈ နာရီက ပိုးတွေ့ လူနာ အနည်းဆုံးနေရာတွေကို lockdown ဖြေလျှော့ပြီး နေ့လယ်ပိုင်းမှာ ရွှေလီ-ဝမ်တိန်တံတားကိုပါ ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။
 
ဩဂုတ်လ ၁၉ ရက်နေ့မှာတော့ ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်မှာ ပြည်ပကူးစက်မှု ထပ်တိုးပိုးတွေ့လူနာ မြန်မာဘက်ကဝင်လာသူ တရုတ်နိုင်ငံသား ၆ ဦးနဲ့ ပြည်တွင်းကူးစက်မှု ရွှေလီ Quarantine Center က မြန်မာနိုင်ငံသား ၂ ဦး ထပ်မံ ပိုးတွေ့ရှိတယ်လို့ သိရပါတယ်။
 
လက်ရှိ ယူနန်ပြည်နယ်မှာ ကုသနေဆဲ ပိုးတွေ့ လူနာ ၃၃၁ ဦး ရှိ‌ကြောင်း ယူနန်ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ သတင်းအရ သိရပါတယ်။
 
Photo-AYKy
#voiceofmyanmar #VOM #ရွှေလီ

Related posts

Leave a Comment

VOM News

FREE
VIEW