သင်္ဃန်းကျွန်းမှာ Zello အသုံးပြုသူကိုဖမ်းမိပြီး ခြေရာခံကာ မြို့နယ်အချို့က လူငယ်တွေကို ဖမ်းဆီး

သြဂုတ် ၂၄-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇဗ္ဗူမေတ္တာလမ်းမှာ မနေ့ ဩဂုတ်လ ၂၃ရက် ညနေ ၆နာရီခွဲက တက်ကြွလူငယ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
” ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက သင်္ဃန်းကျွန်းမြို့နယ်က Zello Apk ကွန်ယက်အသုံးပြုတဲ့ လူငယ်တစ်ဦးကို စစ်တပ်က ဖမ်းဆီးမိပြီးနောက်ပိုင်းမှာ ခြေရာခံပြီး လိုက်လံဖမ်းဆီးနေတာဖြစ်တယ်၊ ဝေါ်ကီတော်ကီလိုမျိုး အဖွဲ့လိုက်စုပြောလို့ရတဲ့ဆော့ဖ်ဝဲမျိုး၊ ကျနော်တို့လူငယ်တွေ ဆက်သွယ်လို့ရအောင် Channel တစ်ခုလုပ်ထားတာ Zelloဆိုပြီး အဲ့စကားပြောစက်က တစ်ဆင့်လူငယ်တွေကိုလိုက်ဖမ်းတာ”လို့ သင်္ဃန်းကျွန်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
မနေ့က သင်္ဃန်းကျွန်းမြို့နယ်က လူငယ်တွေကို ဖမ်းဆီးပြီးနောက် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက်၊ မကြီးကြီးလမ်း၊ အိမ်အမှတ် ၅၄က မိတ်ဆက် ခေါက်ဆွဲကြော်ဆိုင် ပိုင်ရှင်လင်မယားနဲ့ လူ၅ဦးပါ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
 
တောင်ဥက္ကလာမြို့နယ်၊ ၁၂ ရပ်ကွက်၊ မိဂသီ ၁၈ လမ်းက လူငယ်တစ်ဦးကိုလည်း မနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ ၁၂ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
သင်္ဃန်းကျွန်းမြို့နယ်က Zello apkအသုံးပြုသူ ဖမ်းဆီးခံရပြီးနောက် အဲ့ဒီဆော့ဖ်ဝဲအသုံးပြုသူ လူငယ်တွေဟာ zello ထဲ ရှိသမျှလူတွေကို အကုန်ထွက်ထားဖို့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးခဲ့တာလည်း ရှိပါတယ်။
 
မနေ့ ဩဂုတ်လ ၂၃ရက် တစ်ရက်တည်း မရမ်းကုန်း
၊စမ်းချောင်း၊သဃ်န်းကျွန်း၊တောင်ဥက္ကလာ၊မင်္ဂလာဒုံနဲ့ခရမ်းမြို့နယ်က တက်ကြွလှုပ်ရှားသူလူငယ်တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW