ရွှေဘိုမြို့နယ်မှာ NUG ပရိုဖိုင် အသုံးပြုထားတဲ့ အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

သြဂုတ် ၊ ၃၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှာ အမျိုးသမီး ၁ ဦးရဲ့ဖုန်းကို စစ်သားနဲ့ရဲတွေက ဖွင့်ကြည့်စစ်ဆေးတဲ့အခါ facebook ပရိုဖိုင်မှာ NUG လိုဂိုစာတမ်းတွေ့ရတဲ့အတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေဘိုမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
သီးလုံးကျေးရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးရဲ့ နေအိမ်ကို စစ်သားနဲ့ ရဲတွေက ဝင်ရောက်ရှာဖွေခဲ့ပြီး အိမ်ရှင်အမျိုးသမီးရဲ့ VIVO လက်ကိုင်ဖုန်းကို ဖွင့်ကြည့်စစ်ဆေးတဲ့အခါ အဲ့ဒီ အမျိုးသမီး အသုံးပြုနေတဲ့ facebook Account Profile မှာ NUG လိုဂိုစာတမ်းအသုံးပြုထားတာကြောင့် အဖမ်းခံရတာ ဖြစ်တယ်လို့ အဖမ်းခံရတဲ့ အမျိုးသမီးနဲ့ မိတ်ဆွေဖြစ်သူတွေ ပြောပြချက်အရ သိရပါတယ်။
 
” သူနဲ့ ကျနော်က facebook ပေါ်မှာ မိတ်ဆွေဖြစ်တယ် ၊ စိတ်ပိုင်းဆိုင်ရာခံစားချက်နဲ့ ရုပ်ပိုင်းဆိုင်ရာ နေထိုင်ရပ်တည်မှုကို လိမ္မာပါးနပ်စွာနေဖို့ ဟိုတလောကမှ ကျနော် အကြံပြုထားသေးတယ် ” လို့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးနဲ့ အင်တာနက်မိတ်ဆွေဖြစ်သူ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးကို VOM က ဆက်သွယ်မေးကြည့်တဲ့အခါ”မနေ့ ( သြဂုတ် ၃၀) က အမှုဖွင့်တယ် ၊ ရွှေဘိုမြို့မရဲစခန်း (ပ) ၂၇၅ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က / ၃၅၃ အရ ” လို့ တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက် ပြန်လည်ပြောဆိုပါတယ်။
 
စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်သားနဲ့ရဲတွေပါဝင်တဲ့ လှည့်ကင်းအဖွဲ့တွေက မြို့ထဲသွားလာနေတဲ့သူတွေကို ရပ်တန့်ခိုင်းပြီး ဖုန်းတွေဖွင့်ကြည့် စစ်ဆေးနေတာတွေရှိတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီလို စစ်ဆေးတဲ့အခါ facebook စာမျက်နှာရဲ့ပရိုဖိုင်မှာ NUGစာတမ်းပါ လိုဂိုတွေ အသုံးပြုထားတာတွေ့ရင် ဖမ်းဆီးအရေးယူနေတယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW