ခင်ဦးမြို့နယ်ထဲမှာ စပါးစိုက်ခင်းတွေ ရေနစ်မြုပ်မှုကြောင့် တောင်သူတွေအခက်တွေ့နေ

စက်တင်ဘာ ၂၅-၂၀၂၁
ထွန်းတောက်(VOM)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်တင်းကျေးရွာမှာရှိတဲ့ အေဒီ (၄) ရာစု ပျူခေတ်မှာ စတင်တူးဖော်ခဲ့တဲ့ မောရဂီဝါကန် (ခ) ပင်တင်းကန်ဟာ ပြီးခဲ့စက်တင်ဘာ (၂၂) ရက်နေ့က ကန်တာဘောင်ကျိုးပြီး ကန်ရေသောက်ဧရိယာအတွင်းက စပါးစိုက်ခင်း ဧက (၂၀၀၀) ကျော် ရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဒေသဟာ နှစ်တိုင်းလိုလို မိုးခေါင်ရေရှားပြီး အခုနှစ်မှာတော့ မိုးများပြီး အခုလို ကန်တာဘောင်ကျိုးကျခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အခုနှစ်မိုးရာသီမှာ ပင်းတင်းရွာအပါအဝင် ခင်ဦးမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာအုပ်စု (၂၄) အုပ်စုမှာ လယ်ဧက (၁၃၀၀၀)ကျော်မှာလည်း မိုးများပြီး ရေနစ်မြုပ်မှုတွေဖြစ်ပေါ်နေပါတယ်။

ဒီစပါးစိုက်ခင်းတွေဟာ လက်ရှိမှာ စိုက်ပျိုးပြီးကာစ အချိန်ဖြစ်ပြီး ရေပြန်ကျသွားရင် အနည်းနဲ့အများ ဆုံးရှုံးမှုတွေရှိနိုင်တယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။

အခုနှစ်မှာ မြေဆီဈေးတွေလည်း အဆမတန်မြင့်တက်လာတာကြောင့် လက်ရှိရေနစ်မြုပ်တဲ့အချိန်အထိ တဧကကို စိုက်ပျိုးစရိတ် (၂) သိန်းကျော်ကုန်ကျထားပြီး ရေပြန်ကျချိန် စိုက်ခင်းတွေအားလုံးပျက်စီးမသွားဘူးဆိုရင် ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေပိုမိုသုံးစွဲရမှာဖြစ်တဲ့အတွက် ရိတ်သိမ်းချိန်အထိဆိုရင် စိုက်ပျိုးစရိတ် (၄) သိန်းကျော်နဲ့ (၅)သိန်းဝန်းကျင်အထိကုန်ကျနိုင်တယ်လို့လည်း ပြောကြပါတယ်။

ဒါ့အပြင် ရေမြုပ်ထားတဲ့စပါးစိုက်ခင်းတွေဟာ အထွက်နှုန်းလည်းလျော့ကျသွားမှာဖြစ်ပြီး ရေကျချိန်မှာအားလုံးပျက်စီးခဲ့ရင်တော့ နောက်နှစ်မိုးရာသီမှာပြန်လည်စိုက်ပျိုးဖို့အတွက် အခက်အခဲတွေအများကြီးရှိလာမှာဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ်။

ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ လက်ရှိမှာ ရေမြုပ်စာရင်းကိုသာကောက်ယူထားပြီး ရေပြန်ကျသွားချိန်မှာ ပျက်စီးဆုံးရှုံးမှုအလိုက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။

ခင်ဦးမြို့နယ်မှာ အခုနှစ်မိုးစပါးစိုက်ဧက (၁၀၁၀၀၀) ၁သိန်းနဲ့ ၁ ထောင်လျာထားခဲ့ပြီး လက်ရှိမှာ ရာနှုန်းပြည့်နီးပါး စိုက်ပျိုးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ခင်ဦး

Youtube Link – https://youtu.be/aT68evAL4bk

Related posts

Leave a Comment

VOM News

FREE
VIEW