စားအုန်းဆီစျေး ၅၅၀၀ ကျပ်အထိမြင့်တက်လာလို့ စားသုံးသူနဲ့လုပ်ငန်းရှင်တွေပါ အခက်အခဲဖြစ်

အောက်တိုဘာ ၁-၂၀၂၁
GH (VOM )
 
ပြည်တွင်းမှာ စားသုံးဆီ စျေးနူန်းမြင့်တက်လာပြီး အနိမ့်ဆုံးရောနှောဆီလို့ခေါ်တဲ့ စားအုန်းဆီ တပိဿာကို ၅၅၀၀ ကျပ်အထိ မြင့်တက်လာနေတယ်လို့ စားသုံးသူတွေဆီက သိရပါတယ် ။
 
စားအုန်းဆီ တစ်ပိဿာကို ၁၈၀၀ ကျပ်၊ အများဆုံး ၂၅၀၀ ကျပ်သာရှိနေရာကနေ လက်ရှိမှာတော့ တစ်ပိဿာ ၅၅၀၀ ကျပ်အထိ မြင့်တက်လာတာဖြစ်လို့ စားသုံးသူတွေအတွက် အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။
 
သုံးစွဲသူတဦးက” ၅၅၀၀ ဆိုတာ ကုန်စုံဆိုင်မှာပေါ့။ အရင်က ၂၅၀၀ ပဲရှိတယ်၊ အရင် ဆီ ၄ ပိဿာရတာက ခု ၂ ပိဿာပဲရတော့တယ်။ ပစ္စည်းတွေစုဝယ်ထားဖို့ဆိုတာလည်း ပိုက်ဆံရှိမှဖြစ်တာလေ၊တနေ့လုပ်တနေ့စားကို ဘာနဲ့စုရမလဲ။ အခုဆို နိုင်ငံရေးကမကောင်းတော့ ပိုဆိုးသွားတယ်။ လုပ်ခ လစာကလည်း မတက်ဘူး၊ကုန်စျေးနူန်းသာတက်တက်လာတာ၊ စားရတယ်ဆိုရုံပဲရှိတော့တယ် ” လို့ ပြောပါတယ်။
 
စားအုန်းဆီ စျေးမြင့်တက်မှုက စားသုံးသူတွေအပြင် ဆီလုပ်ငန်းရှင်တွေကိုပါ ထိခိုက်ခဲ့လို့ တချို့သောလုပ်ငန်းရှင်တွေ အလုပ်ရပ်နားထားရတဲ့အထိဖြစ်သွားတာမျိုးရှိတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
စားအုန်းဆီဝယ်ယူရတဲ့ စျေးနူန်းကြီးမြင့်ခြင်းကြောင့် အရင်က ဆီပေပါ ၁၀၀ လောက်ဝယ်ယူသိုလှောင်နိုင်သူက ထက်ဝက်လောက်ပဲဝယ်ယူနိုင်တော့ခြင်း၊ တချို့မှာဝယ်ယူဖို့အတွက် အရင်းအနှီးများခြင်းတွေကြောင့် လုပ်ငန်းလည်ပတ်ဖို့မဖြစ်နိုင်ဘဲ ယာယီရပ်နားလိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။
 
ဆီလုပ်ငန်းရှင်တဦးက “ပြီးခဲ့တဲ့ တပတ်မှာတင် ၄၀၀ ၊ ၅၀၀ လောက် တက်သွားတာ။ လုပ်ငန်းရှင်တွေက အရင် ၃၅၀၀ လောက်နဲ့ဝယ်ထားကြတယ်၊စျေးကအရမ်းတက်တော့ ထပ်မဝယ်ရဲကြဘဲ လက်ထဲမှာရှိတဲ့ဆီကိုထုတ်ရောင်းရင်းနဲ့ လုံးပါးပါးသွားတယ်။
အရင်က ပေပါ၁၀၀ လောက်ဝယ်နိုင်သူက အခုဆို ၅၀လောက်ပဲဝယ်နိုင်တော့တယ်။အရင်းတွေပျောက်ကုန်တာပေါ့။လုပ်ငန်းလည်ပတ်ရတာကြပ်ကုန်တာပေါ့။နေ့စဉ်သုံးစွဲနေတဲ့စရိတ်ကကြီးပေမယ့် အမြတ်ကဒါပဲ။အလယ်အလတ်လုပ်ငန်းရှင်တချို့တွေ ရပ်လိုက်ရတာရှိတယ်။ “လို့ ပြောပါတယ်။
 
လက်ရှိမှာတော့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူတွေအဆင်ပြေဖို့ဆိုပြီး တိုင်းနဲ့ ပြည်နယ်က မြို့နယ်တချို့မှာ သယ်ယူစရိတ် အတက်အကျအပေါ်မူတည်ပြီး စားအုန်းဆီ တစ်ပိဿာကို ၃၈၅၀ ကျပ်၊ ၃၉၀၀ ကျပ်နူန်းနဲ့ လှည့်လည်ပြီးရောင်းချပေးနေတယ်လို့လည်း သိရပါတယ် ။
 
အခုလို စားအုန်းဆီစျေးနူန်းတွေ စံချိန်တင်မြင့်တက်လာတာဟာ စားအုန်းဆီအဓိကထွက်တဲ့ မလေးရှားနဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ဂယက်ကြောင့် လုပ်ငန်လည်ပတ်မှုတွေလျော့ကျတာက တကြောင်း၊ ကုန်ကြမ်းစျေးတက်တာက တကြောင်း၊ လက်ရှိပြည်တွင်းဒေါ်လာစျေးတွေ မတည်မငြိမ်ဖြစ်နေတာတွေကြောင့် ဖြစ်တယ်လို့ ပြည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာနေလင်းအောင်ကပြောပါတယ်။
 
” စားအုန်းဆီရဲ့သဘောတရားက ၄ လပိုင်း ၅ လပိုင်းကနေ ၇ လပိုင်းအထိပဲ ဆီအုန်း အသီးထွက်တာ၊ အဲ့ဒီလပိုင်းမှာထွက်တဲ့အသီးကို အပြီးစွတ်ရတယ်။၄၈ နာရီအတွင်းမှာ ဆီအပြီးကျိတ်ရတယ်၊ မကျိတ်နိုင်ဘူးဆိုရင် ပုပ်သွားရော၊ရောင်းတန်းဆီအနေနဲ့ စားသုံးရန်မသင့်တော့ဘူးပေါ့။ ဒီတော့ သူတို့မှာ ကိုဗစ်ကြောင့်လုပ်သားလျော့တယ်၊စက်ရုံတွေပိတ်ရတယ်၊ အဲ့ဒီတော့ အသီးမစွတ်နိုင်ဘူး၊ ကုန်ကြမ်းတွေတက်သွားတယ်။သူတို့နိုင်ငံမှာကို စားအုန်းဆီတစ်တန်ကို မလေးရှားရင်းဂစ် ၄၅၀၀ အထိဖြစ်သွားတယ်။ စျေးတပြန်တက်သွားတယ်။ဒါတွေက လိမ်လို့မရဘူး။နောက်ပြီး ကမ္ဘာ့ပဲပုတ်ဆီအပေါ်မူတည်ပြီးတက်တယ်။နေကြာဆီဆိုလည်း တက်နေတယ်။အဲ့ဒီစျေးကွက်နှစ်ခုပေါ် အခြေခံပြီးတော့ မလေးရှား စားအုန်းဆီကလိုက်တက်တာ။ ” လို့ ဒေါက်တာနေလင်းအောင်က ရှင်းပြပါတယ်။
 
လက်ရှိဖြစ်နေတဲ့ ဒေါ်လာစျေးကို မထိန်းနိုင်ပါက စားအုန်းဆီစျေးနူန်းကိုလည်း ထိန်းဖို့မလွယ်တာကြောင့် စားအုန်းဆီ သုံးစွဲမယ့်အစား ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ နှမ်းဆီ၊ မြေပဲဆီကို ပြောင်းလဲသုံးစွဲသင့်တယ်လို့လည်း သူကအကြံပြုပြောပါတယ်။
 
လက်ရှိစားသုံးဆီစျေးကွက်မှာတော့ စာအုန်းဆီနဲ့အတူ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ပဲပိစပ်ဆီစျေးတွေလည်း မြင့်တက်မှုရှိနေပြီး ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ နှမ်းဆီ ၊မြေပဲဆီ စျေးနူန်းတွေကတော့ သိသိသာသာမြင့်တက်တာမျိုးမရှိဘူးလို့ သိရပါတယ်။
 
ပုံစာ- ရန်ကုန်မှာ စားအုန်းဆီဝယ်ဖို့ တန်းစီနေတဲ့မြင်ကွင်း
#voiceofmyanmar #VOM #စားအုန်းဆီဈေး #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW