ကိုဗစ်နဲ့ နိူင်ငံရေးမတည်ငြိမ်မှုတွေကြားက အလုပ်သမားတွေရဲ့ဘဝ

အောက်တိုဘာ ၃-၂၀၂၁
အေးချမ်းသူ(VOM)
 
ကိုဗစ်ကပ်ရောဂါနဲ့နိူင်ငံရေးမတည်ငြိမ်မှုတွေဟာ မြန်မာနိူင်ငံမှာရှိတဲ့ စက်မှုဇုန်ပေါင်းစုံက အလုပ်သမားတွေကို အလုပ်လက်မဲ့ဖြစ်စေခဲ့ပါတယ်။
 
ကိုဗစ် စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်လကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိူင်ငံမှာ ခေတ္တယာယီနဲ့ အပြီးပိတ်သိမ်းသွားတဲ့ စက်ရုံ၊ အလုပ်ရုံ (၄၄၈) ရုံရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရုံးကနေ သိရပါတယ်။
 
အဲဒီလို ပိတ်သိမ်းလိုက်တဲ့အထဲမှာ ရန်ကုန် နဲ့မန္တလေးက စက်ရုံအလုပ်ရုံတွေက ပိုမိုများပြားပြီး စက်ရုံပိတ်လိုက်လို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားဦးရေ တစ်သိန်းကျော်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က Myanmar Unique အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်းသွားလို့ အလုပ်သမား(၈၀၀)ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရ
ပါသေးတယ်။
 
“အဓိက ပြဿနာက အော်ဒါမရတာ၊ အော်ဒါမရတော့ ချုပ်ပြီးသားအထည်တွေလည်း ပို့လို့ရမရဘူးဖြစ်နေတယ်၊ ကိုဗစ်ကာလမှာ လူနှစ်ခါလည်း လျှော့ထားသေးတယ်၊ အခုပိတ်သိမ်းလိုက်လို့ နောက်အလုပ်ရှာရုံပေါ့”လို့ Myanmar Uniqueစက်ရုံက အလုပ်သမားတဦးက ပြောပါတယ်။
 
Myanmar Unique အထည်ချုပ်စက်ရုံဟာ ၂၀၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားတစ်ထောင်ကျော်ရှိခဲ့ရာ ကိုဗစ်ကာလမှာ နှစ်ကြိမ်တိုင် အလုပ်သမားအင်အားလျှော့ခဲ့တဲ့ စက်ရုံလည်းဖြ
စ်ပါတယ်။
 
စက်ရုံတွေပိတ်သိမ်းရခြင်းဟာ ကိုဗစ် တတိယလှိုင်းနဲ့နိူင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်ပကနေ ပစ္စည်းအမှာမရတော့ ခြင်း၊ ကုန်ကြမ်းပစ္စည်းပြတ်လတ် ခြင်းအပြင် ပြည်တွင်းမှာ ရေရှည် မရပ်တည်နိုင်တာကြောင့်
ဖြစ်တယ်လို့ လုပ်ငန်းရှင်တဦးက ရှင်းပြပါတယ်။
 
“ပိတ်သွားတဲ့စက်ရုံတွေ ရှိတာတော့မှန်ပါတယ်၊ အဲ့ဒီစက်ရုံတွေထဲကပဲ ပြန်ဖွင့်တာ ၉၂ရုံရှိတယ်၊ အသစ်ဖွင့်တဲ့စက်ရုံ ၁၆၃ ရုံလည်းရှိတယ်၊ ရေရှည်ရပ်တည်နိူင်ဖို့ဆိုတာ အလုပ်ရှင်၊အလုပ်သမား၊အစိုးရ အားလုံး
ညီညွတ်မှရတာ၊ ပြီးတော့ ပြည်ပပို့ကုန် အော်ဒါရမယ် ကုန်ကြမ်းပြတ်လပ်မှုမရှိရဘူး ဒါဆိုရင်တော့ အဆင်ပြေမှာပါ”လို့ သူကရှင်းပြပါတယ်။
 
လှိုင်သာယာစက်မှုဇုန်မှာတော့ အခုနှစ်အတွင်း ပိတ်သိမ်းသွားတဲ့ စက်ရုံ၊အလုပ်ရုံ (၂၉)ရုံရှိပြီး အဓိကပြဿနာဟာ အော်ဒါမရခြင်းနဲ့ကုန်ကြမ်းပြတ်လပ်မှုကြောင့်ဖြစ်တယ်လို့ စက်မှုဇုန်ကော်မတီရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
အလုပ်လက်မဲ့ အလုပ်သမား တစ်သိန်းကျော်ထဲက ခြောက်သောင်းခန့် အလုပ်ပြန် ရခဲ့ကာ လေးသောင်းကျော် အလုပ်လက်မဲ့ဖြစ်နေပြီး ပိတ်သိမ်းတဲ့စက်ရုံတွေအများစုဟာ ကိုဗစ် ဒုတိယလှိုင်းဂယက် နဲ့ ပြင်းထန်လှသည့် ကိုဗစ် တတိယလှိုင်းတို့မှာ ပိတ်သိမ်းလိုက်တဲ့စက်ရုံတွေဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။
 
အလုပ်သမားအင်အားစုများအဖွဲ့က တာဝန်ရှိသူတစ်ဦးက”တကယ်တမ်း အလုပ်လက်မဲ့လူဦးရေ သန်းနဲ့ချီပြီးရှိနေပြီ၊ ဒါခန့်မှန်းခြေပြောပြတာ ၊ မြေပြင်မှာ လက်ရှိအနေအထား အလုပ်သမားလို့ပြောရင် အထည်ချုပ်ချည်းပဲ ထည့်တွက်လို့မရဘူး အကုန်ထည့်တွက်မှ ရမယ်၊ အခြားကဏ္ဍက အလုပ်သမားတွေရော၊ စက်ရုံအလုပ်ရုံတွေမှာ အပြီးပိတ်သိမ်းခြင်းနဲ့ယာယီပိတ်သိမ်းခြင်း (၂)မျိုးရှိတယ်၊ ယာယီပိတ်ခြင်းမှာ လစာမဲ့ပိတ်ခြင်းဖြစ်တဲ့အတွက် အလုပ်သမားတွေအတွက် ပိုမိုခက်ခဲတယ်”လို့ သူကရှင်းပြပါတယ်။
 
အလုပ်သမားတွေဟာ စက်ရုံတွေပိတ်သိမ်းမှု ပိုမိုများပြားလာတာကြောင့် အလုပ်ပြန်လည်ရရှိဖို့ အခက်အခဲရှိနေပြီး ဖွင့်လှစ်နေတဲ့စက်ရုံတွေမှာလည်း အချိန်ပိုဖိအားပေးခိုင်းစေမှုတွေရှိတယ်လို့ အလုပ်သမားအင်အားစုအဖွဲ့က သိရပါတယ်။
 
“အခုကာလက အလုပ်သမားတွေ ပြဿနာတက်လည်း ဖြေရှင်းရခက်တယ်၊ အလုပ်သမားတွေက တိုင်တယ် မထိရောက်ဘူး ကြန့်ကြာမှုတွေရှိတယ်၊ အရင်ကာလနဲ့ကွာတယ်၊ ဒါကလည်း အလုပ်သမားတွေရဲ့ အခက်အခဲပဲ၊ ပြီးတော့ ရတဲ့လစာနဲ့တက်နေတဲ့ ကုန်စျေးနှုန်းမညီမျှမှုတွေလည်းရှိတယ်”လို့ အလုပ်သမားအင်အားအားစုအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။
 
အလုပ်ဆင်းရတဲ့အချိန်တွေမှာလည်း နိူင်ငံရေးအခြေအနအရ အချိန်မမှန်တော့လို့ အရင်ကထက် လစာ သိသာစွာနည်းပါးသော်လည်း အလုပ်ရှားပါးတဲ့ပြဿနာကြောင့် သည်းခံပြီးလုပ်နေရတယ်လို့ ရွှေပေါက်ကံစက်မှုဇုန် Honey Garment အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
“အရင်က လစာပိုတယ်၊ အခုက အချိန်ပိုဆင်းရတာလည်း မရှိ၊ တခုခုဆို ပိတ်တာကများတယ်၊ ကုန်စျေးနှုန်းရယ် အဆောင်လစာရယ် မပိုဘူး၊ အရင်က နှစ်သိန်းကျော် သုံးသိန်းရတယ် အခုအဲ့ဒီလောက်မရတော့ဘူး၊ အဆင်မပြေလို့ အခြားစက်ရုံပြောင်းမယ်ဆိုတော့လည်း ဒီပုံစံတွေပဲဆိုတော့ ကြိတ်မှိတ်ပြီး လုပ်နေရတာပဲ”လို့ သူက ရှင်းပြပါတယ်။
 
အလုပ်သမားတွေဟာ တိုင်းပြည်ရဲ့ကုန်ထုတ်စွမ်းအား အင်အားစုတွေဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ကိုယ်နိူင်ငံအတွင်းမှာရှိနေတဲ့ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးသင့်တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ရေရှည်မှာ အလုပ်လက်မဲ့ပြဿနာကို မဖြေရှင်းနိူင်ဘူးဆိုရင် သူတို့ရဲ့အခက်အခဲနဲ့ နိူင်ငံသားတွေရဲ့ရပိုင်ခွင့်အခွင့်အရေးအတွက် လမ်းပေါ်ထွက်လာနိူင်တယ်လို့ ဥပဒေပညာရှင်တဦးက သုံးသပ်ပါတယ်။
 
“အစိုးရအဆက်ဆက် အလုပ်သမားသမိုင်းကို ပြန်ကြည့်ရင် သိနိူင်တယ်၊ အလုပ်သမားတွေက ဥပဒေအရ သူတို့ရပိုင်ခွင့်တွေမရရင်တော့ လမ်းပေါ်ရောက်လာမှာပဲ ဒါကငြင်းလို့မရဘူး၊ အလုပ်လက်မဲ့ပြဿနာကို ဒီအတိုင်းလွှတ်ထားလို့မရဘူး ဖြေရှင်းပေးသင့်တယ်လို့
မြင်တယ်”လို့ သူကပြောပါတယ်။
 
မြန်မာနိူင်ငံအတွင်းက အလုပ်သမားအများစုဟာ စက်ရုံ၊အလုပ်ရုံတွေမှာ အချိန်ပိုကြေးဖြတ်တောက်ခံရခြင်း၊ ရက်မှန်ကြေး ကျွမ်းကျင်ကြေးစတဲ့ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရပေမယ့် စားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်တွေကို သည်းခံကာ အလုပ်လုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #အလုပ်လက်မဲ့ #ကိုဗစ#နိုင်ငံရေး

Related posts

Leave a Comment

VOM News

FREE
VIEW