ဒေါ်လာစျေးမြင့်တက်နေတာကို ထိန်းဖို့အတွက် ပို့ကုန်ရငွေဒေါ်လာ ကိုင်ဆောင်ခွင့်ကန့်သတ်တာလို့ ဗဟိုဘဏ်တာဝန်ရှိသူပြော

အောက်တိုဘာ ၄-၂၀၂၁
GH ( VOM )
 
ပြည်ပကိုတင်ပို့နေတဲ့ ပိုကုန်တွေကနေရရှိတဲ့ ပို့ကုန်ရငွေတွေကို ဘဏ်ငွေစာရင်းထဲမှာ ၁ လသာ ထားခွင့်ပြုမယ်လို့ ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်ပါတယ်။
 
ပို့ကုန် တင်ပို့ရောင်းချသူတွေထဲမှာ ပိုကုန်ရငွေဒေါ်လာကို ကိုင်ဆောင်ဖို့လိုအပ်တဲ့ကာလထက်ကျော်လွန်ပြီး စျေးကစားတွေလုပ်ဆောင်နေတာကြောင့် ပို့ကုန်ရငွေကိုင်ဆောင်ခွင့်ကို ရက်ပေါင်း ၃၀ အဖြစ်ကန့်သတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ ၁ လအတွင်းမှာ လုပ်ငန်းရှင်အနေနဲ့ လိုအပ်တာအားလုံးသုံးစွဲခွင့်ရှိတဲ့အပြင် လိုအပ်တဲ့သူတွေကိုလည်းပြန်လည်ရောင်းချနိုင်ပြီး ပိုနေတဲ့ ဒေါ်လာကိုတော့ ဘဏ်တွေကိုပြန်လည်ရောင်းချပေးရမှာဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူကပြောပါတယ်။
 
“ကာလကန့်သတ်ချက်ထားလိုက်တယ်ဆိုတာ လိုတာရှိသုံးပေါ့။ ကိုယ်မသုံးရင် လိုတဲ့သူရောင်းပေးလိုက်ပေါ့။ ကာလတစ်ခုပြီးသွားရင် ကိုယ်လည်းသုံးသင့်သလောက်သုံးပြီးပြီ၊လိုအပ်တဲ့သူကိုလည်းရောင်းပြီးပြီဆိုရင်တော့ ကျန်တဲ့ဟာကို ဘဏ်ကိုရောင်းပေါ့။အခု က ဘဏ်အေကာင့်ထဲရောက်လာတဲ့ ပို့ကုန်ရငွေတွေကို လိုနေတဲ့သူလည်းမရောင်းဘူး၊ဘဏ်ကိုလည်းမရောင်းဘူး စျေးတက်မလားဆိုပြီးတော့ ဒါကိုလက်ထဲမှာကိုင်တွယ်ထားပြီး ကိုယ်လည်းမသုံးသေးဘူး။ လိုအပ်တဲ့ကာလထက်ပိုကိုင်ထားတယ်။သူ့ကို သုံးခွင့်လည်းပေးထားတယ် သူများကိုရောင်းခွင့်လည်းပေးထားတယ်။ ဒါပေမယ့် အဲ့ဒါကို ကိုင်တွယ်ပြိး လိုအပ်ချက်ရှိနေတဲ့ပေါ်မှာ စျေးနူန်းမြင့်သင့်တာထက်ပိုမြင့်နေတာပေါ့၊ အခုလိုဒေါ်လာစျေးမြင့်နေတဲ့ကာလမှာ ဒါကအလုံးစုံဖြေရှင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ “လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဝင်းသော်ကပြောပါတယ်။
 
ပို့ကုန်ရငွေတွေ လက်ဝယ်ကိုင်ထားတဲ့ကိစ္စဟာ လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ အမေရိကန်ဒေါ်လာစျေးမြင့်တက်အောင်လုပ်နေတဲ့အချက်တွေထဲက အဓိကကျတဲ့အချက်တချက်အဖြစ်ရှိနေတယ်လို့ ပြောပါတယ်။
 
ပို့ကုန်ရငွေ လက်ဝယ်ထားခွင့်ကန့်သတ်မှုနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ” အရင်ကတော့ ပစ္စည်းပို့ပြိးလို့ ငွေရရင် ကိုယ်သုံးချင်မှသုံးမယ် ၊ ဘဏ်ထဲပဲထားချင်ထားမယ်၊ရောင်းချင်လည်းရောင်းမယ်ပေါ့။ကြိုက်သလိုစီမံခွင့်ရှိတယ်။ အခုကတော့ အဲ့ဒီလိုမဟုတ်တော့ဘူး ၁ လအတွင်းအကုန်သုံးရမှာ။ပေးစရာရှိချက်ခြင်းပေး၊ ပိုရင်ဘဏ်ရောင်းပေါ့။ ၂ လ လောက်ထားပေးရင်တော့ လုပ်ငန်းရှင်အတွက် ပိုအဆင်ပြေမယ်။ ၁ လဆိုတာကနည်းတယ် ၊ကျနော်တို့လည်းတခြားစီမံခန့်ခွဲတဲ့အခါ အချိန်ကလိုတယ် “လို့ ပြောပါတယ် ။
 
ဗဟိုဘဏ်ကတော့ အခုလို ပို့ကုန်ရငွေ လက်ဝယ်ကိုင်ဆောင်ခွင့် ၁ လ သတ်မှတ်ချက်ဟာ လုံလောက်တဲ့ပမာဏဖြစ်ကြောင်း၊ အဲ့ဒီလိုသတ်မှတ်ဖို့အတွက် UMFCCI ၊ပို့ကုန်လုပ်ငန်းရှင်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်သလို စီးပွား/ကူးသန်းဝန်ကြီးဌာနဲ့လည်း ဆွေးနွေးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ ကြေညာစာထဲမှာ
AD လိုင်စင်ရဘဏ်တွေမှာ စာရင်းဖွင့်ထားတဲ့ ပို့ကုန်တင်သွင်းသူတွေအနေနဲ့ ပိုကုန်ရငွေတွေကို ရက်ပေါင်း ၃၀ အတွင်း ကိုယ်တိုင်သုံးစွဲခြင်း ဒါမှမဟုတ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ (AD) လိုင်စင်ရဘဏ်မဟုတ်တဲ့ အခြားသူကိုလည်းရောင်းချနိုင်သလို (AD)လိုင်စင်ရဘဏ်ကိုရောင်းချခြင်းလည်းပြုလုပ်နိုင်ကြောင်း ၊ နောက်ဆုံးမှာတော့ အသုံးမပြုဘဲ လက်ဝယ်ကျန်ရှိနေတဲ့ပို့ကုန်ရငွေတွေကို ရက်ပေါင်း ၃၀အတွင်း လိုင်စင်ရဘဏ်ကို ရောင်းချရမှာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
 
ပို့ကုန်ရငွေတွေ စတင်ဝင်ရောက်တဲ့နေ့ကစလို့ တဆင့် ပြန်လည်ရောင်းချခြင်းနဲ့ AD လိုင်စင်ရဘဏ်တွေဆီ ရောင်းချရမယ့်ကာလအပါအဝင် အားလုံးကို ရက်ပေါင်း ၃၀ ထက် မကျော်လွန်ရဘူးလို့လည်း အောက်တိုဘာ ၃ ရက်နေ့က ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဗဟိုဘဏ#ပို့ကုန်ရငွေဒေါ်လာ #ကန့်သတ်

Related posts

Leave a Comment

VOM News

FREE
VIEW