မထသ(ဗဟို)စနစ်ကို ပြန်သွားနေတာလားYBS

ရန်ကုန်၊ အောက်တိုဘာ၊၄၊၂၀၂၁
အေးချမ်းသူ(VOM)
 
ရန်ကုန်ဟာ စက်ရုံအလုပ်ရုံများပြားပြီး လူဦးရေအထူထပ်ဆုံးမြို့တော်လည်း ဖြစ်တဲ့အတွက် အများပြည်သူသွားလာရေးအတွက် YBS
ယာဉ်လိုင်းတွေကိုပဲ ပြည်သူတွေဟာ အားကိုးအားထားပြုနေရပါတယ်။
 
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အောက်တိုဘာ ၁ရက်နေ့ထုတ်ပြန်အရမြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေမှာ (၅၅ ဒသမ ၃)သန်းခန့်ရှိပြီးရန်ကုန်တိုင်းဒေသကြီးရဲ့ လူဦးရေမှာ ၈.၇သန်းရှိတယ်လို့လည်း သိရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးကို ခရိုင်လေးခု မြို့နယ် ၄၅မြို့နယ်၊ မြို့၂၀၊ ရပ်ကွက် ၇၄၃၊ ကျေးရွာအုပ်စု ၆၁၉၊ ကျေးရွာ ၂၁၆၂ရွာနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။
 
လူဦးရေ ၈.၇သန်းရဲ့သုံးပုံတစ်ပုံခန့်ဟာ ရန်ကုန်မြို့တွင်းကို နေ့စဥ်သွားရောက်အလုပ်လုပ်ကိုင်ရာမှာတော့ သွားလာရေးအတွက် YBS ယာဥ်တွေနဲ့ ရထားလမ်းနဲ့နီးတဲ့ ပြည်သူတွေ
ကရန်ကုန်ဘူတာကြီးမှစတင်ထွက်ခွာပြီးမြို့တပတ်ပတ်ကာ ရန်ကုန်ဘူတာကြီးမှာပင် အဆုံးသတ်တဲ့ မြို့ပါတ်ရထားနဲ့ သွားလာရေးအတွက်လိုက်ပါစီးနင်းကြပေမယ့် လူအများစုကတော့ YBSယာဥ်တွေကိုသာ အများဆုံးအသုံးပြုကြပါတယ်။
 
အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့Yangon Bus Service (YBS)ယာဥ်လိုင်းတွေကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ၁၆ရက်နေ့မှာ ရန်ကုန်မှာစတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။
 
YBSယာဥ်လိုင်းတွေကိုစီမံခန်ခွဲဖို့ ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်အာဏာပိုင်အဖွဲ့(Yangon Region Transport Authority (YRTA))ကိုတော့
၂၀၁၆ ခုနှစ်ဇူလိုင်လ ၈ရက်နေ့မှာ ခြောက်လလောက်စောပြီး ဖွဲ့စည်းခဲ့ပါတယ်။
 
အရင် မထသ(ဗဟို)ယာဉ်နောက်လိုက် (စပယ်ယာ)တွေရဲ့ ဒုက္ခမှကင်းဝေးပြီး အေးဆေးသက်သာစွာ သွားလာရရေးအတွက် YBS
ယာဥ်လိုင်းတွေပေါ်လာတဲ့အခါ ပြည်သူတွေဟာ အတိုင်းမသိဝမ်းသာခဲ့ကြပါတယ်။
 
ပြည်သူတွေရဲ့ ပျော်ရွှင်မှုဟာရေရှည်မခံဘူးလို့ ပြောရပါလိမ့်မယ် YBSယာဥ်လိုင်းသက်တမ်းလေးနှစ်ကြာပြီးနောက်မှာတော့ ခရီးသွားပြည်သူတွေဟာ မထသယာဥ်လိုင်းတုန်းကလို ကားပေါ်မှာ စပယ်ယာတွေပါလာပြီး ယာဥ်စီးခတွေ ပိုမိုကောက်ခံလာတဲ့အတွက် ဝေဖန်မှုတွေမြင့်တက်လာပါတယ်။
 
အောက်တိုဘာလမှာ နေ့စဥ်ပြေးဆွဲနေတဲ့ YBS ယာဥ်လိုင်း ၉၅လိုင်းရှိပြီး ကားအစီး ၂၃၅၀ ကျော်မှာ ခရီးသွားပြည်သူ သုံးသိန်းခွဲလောက်စီးနင်းနေရတယ်လို့ YRTCရဲ့ တွဲဖက် အတွင်းရေးမှုးဦးလျန်ကျင့်မန်က ပြောပါတယ်။
 
ခရီးသည်သုံးသိန်းခွဲလောက်ထဲက တချို့တဝက်ဟာ ယာဥ်စီးခပိုမိုကောက်ခံတာတွေ ယာဥ်နောက်လိုက်တွေရဲ့ မောက်မာတဲ့ဆက်ဆံ
ရေးတွေကြောင့် ခရီးသွားလာရတာ အဆင်မပြေမှုတွေဖြစ်လာပါတယ်။
 
ကိုဗစ်ကာလနဲ့၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကစလို့ နိူင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ YBSယာဥ်မောင်းအချို့ဟာ ကားခတွေပိုမိုကောက်ခံလာသလို ယာဥ်နောက်လိုက်ပါ ခေါ်လာပြီး ယာဥ်စီးခတွေ ကောက်ခံနေတယ်လို့ ရွှေပြည်သာ မှာနေထိုင်
သူက ပြောပါတယ်။
 
“အရင်က နှစ်ရာ အခုငါးရာပေးရတယ် ဆီစျေးမတက်ခင်ကတည်းက ကောက်နေတာ ဆီစျေးတက်လို့လည်း မဟုတ်ဘူး ပုံးထဲပိုက်ဆံထည့်မယ်ဆိုတော့ မထည့်နဲ့ လာကောက်လိမ့်မယ်တဲ့ “သူကပြောပါတယ်။
 
လှည်းကူးကနေ သင်္ဃန်းကျွန်းစံပြစျေးကို သွားရောက်အလုပ်လုပ်ကိုင်သူတယောက်က
 
“ပြောနေကြတာပါပဲ YBS 1ဆိုရင် ယာဥ်စီးခ
၂၀၀၀ထောင်ပေးရတာ ဟိုအရင်က ၅၀၀ ကိုဗစ်ပထမလှိုင်းမှာ ၁၀၀၀ အဲ့ဒီကနေ ၁၅၀၀ အခုဆို ၂၀၀၀တောင်ပေးရတယ် စပယ်ယာကိုယ်တိုင်တောင်း တကယ်ထိထိရောက်ရောက်လုပ်ချင်ရင် စံပြစျေးဂိတ်ကသွားဖမ်း”လို ပြောပါတယ်။
 
YBSယာဥ်တွေဟာ တစီးနဲ့တစီးယာဥ်စီးခတွေ ပိုမိုကောက်ခံကြတာတွေရှိသလို ယခင်သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း စနစ်တကျစည်းကမ်းလိုက်နာတဲ့ ယာဥ်လိုင်းတွေလည်းရှိတယ်လို့ ခရီသည်အချို့က ပြောပါတယ်
 
“YBS 36 တို့ YBS 83 တို့ကတော့ ပုမှန်ပဲ ဟိုတုန်းကလည်း 36ဆိုနှစ်ရာ အခုလည်းနှစ်ရာပဲ 83လည်း ဒီအတိုင်းပဲ အရင်ကလည်း 30
0 အခုလည်း 300ပဲ အဲဒါကြောင့် ဘယ်လောက်ပဲကြာကြာ ဒီကားတွေပဲ စောင့်စီးတာ”လို့ မြောက်ဥက္ကလာမှာ နေထိုင်သူကပြောပါတယ်။
 
ဒီလိုမှန်ကန်တဲ့ယာဉ်လိုင်းနဲ့ ပိုတောင်းတဲ့ ယာဉ်လိုင်းရှိသလိုပဲ ခရီသည်တွေထဲမှာလည်း မှန်မှန်ကန်ကန် ကိုယ့်အသိစိတ်နဲ့ ကျသင့်ငွေထည့်သလို လူနည်းစုတချို့က သုံးမရတဲ့ ငွေစက္ကူ အစုတ်တွေထည့်သလို စက္ကူထည့်သွားတာအပြင် စပယ်ယာမပါတဲ့ ဘတ်စကားရဲ့ ပိုက်ဆံသေတ္တာကို ဓါးထောက်လုတာမျိုးလည်းရှိခဲ့ပေမယ့် အင်မတန်နည်းတဲ့ဖြစ်စဉ်ပါ။
 
YBS ယာဥ်လိုင်းများနဲ့ပါတ်သတ်ပြီး ခရီးသည်တွေက မေလ ၁ရက်မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ Call Center တယ်လီဖုန်းကိုတိုင်းကြားတဲ့အမှု ၁၄၁ မှု လူမှုကွန်ရက်စာမျက်နှာတွေကတွေ့ရှိဖော်ထုတ်တဲ့အမှု ၁၇ မှု၊ အသွင်ယူဖမ်းဆီးတဲ့အမှု ၉၂ မှု၊ စုစုပေါင်း ၂၅၀ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC )ကသိရပါတယ်။
 
“တိုင်ကြားတဲ့အထဲက သက်သေအထောက်အထားခိုင်လုံတဲ့ယာဉ်မောင်းတွေကို ဒဏ်ကြေးငွေကျပ် ၃ သောင်းနဲ့ မောင်းနှင် ခွင့် ၁ လပိတ်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်” လို့ တွဲဘက်အတွင်းရေးမှုးဦးလျန်ကျင့်မန်ကပြောပါတယ်။
 
YRTC ဆိုတာ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမူအာဏာပိုင်အဖွဲ့(YRTA) ကို မေလ ၂၀ရက်နေ့က ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်ပြီး YRTCမတိုင်မီ ဧပြီလ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ(YPTC)အဖြစ် အရင်ဖွဲ့စည်းခဲ့ပါသေးတယ်။
 
လက်ရှိကာလမှာ ပြည်သူတွေဟာ နိူင်ငံရေးအခြေအနေ ကိုဗစ်ကပ်ရောဂါ ကုန်စျေးနှုန်းတွေကြီးမြှင့်တွေအပြင် နေ့စဥ်သွားလာရေးမှာ
လည်း ယာဥ်စီးခပိုမိုကောက်ခံမှုတွေနဲ့ပါ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။
 
YRTC အဖွဲ့ကတော့ အရင်ကနဲ့မတူဘဲ YBS ယာဉ်တွေမှာ ယာဥ်နောက်လိုက်ထားတွေ ယာဥ်စီးခပိုမိုကောက်ခံတာတွေပြုလုပ်ရင် CNGထုတ်ခွင့်ပိတ်သိမ်းတာနဲ့လုပ်ငန်းလိုင်စင်ရပ်ဆိုင်းတဲ့အထိ အရေးယူသွားမယ်လို့ အောက်တိုဘာ ၂ရက်က ထုတ်ပြန်ထားပါတယ်။
 
“ဘယ်လိုလုပ်မလဲဆိုတော့ ရှောင်တခင်ဝင်စစ်မယ် ယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ အရေးယူမယ် ငါးရာ တထောင်ကောက်တဲ့
ယာဥ်တွေနဲ့ စပယ်ယာတင်တဲ့ ယာဥ်တွေပေါ့ “လို့ တွဲဖက်အတွင်းရေးမှုးက ပြောပါတယ်။
 
YRTC က အရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်နေပေမယ့်လည်း YBS ယာဥ်အချို့ကတော့ လက်တလောမှာ ငါးရာ၊တထောင်
ကောက်ခံတဲ့ ယာဥ်တွေလည်းရှိနေဆဲပါ။
 
ဒါဟာ YBS ယာဥ်တွေ မပြေးဆွဲမီ မထသ(ဗဟို) ယာဥ်လိုင်းတွေ ဖျက်သိမ်းတဲ့နေ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှာ မထသယာဥ်
လိုင်းတွေ ယာဥ်စီးခတွေပိုမိုကောက်ခံခဲ့တာကို အမှတ်ရစေပါတယ်။
 
ခရီးသည်တွေရဲ့ပြဿနာအမြဲတက်လေ့ရှိပြီး နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ မထသ(ဗဟို)ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၃ရက်နေ့မှာ ဖွဲ့စည်းခွင့်ကို တိုင်းအေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက ခွင့်ပြုခဲ့ပါတယ်။
 
မထသ(ဗဟို)ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီး မထသ (မြို့တွင်း)၊ မထသ (အဝေးပြေး)၊အရှေ့ပိုင်းခရိုင်ယာဉ်လိုင်း၊အနောက်ပိုင်းခရိုင် ယာဉ်လိုင်း၊ တောင်ပိုင်ခရိုင်ယာဉ်လိုင်းနဲ့မြောက်ပိုင်းခရိုင်ယာဉ်လိုင်းတွေကို ရန်ကုန်မှာ ပြေးဆွဲခဲ့ပါတယ်။
 
မထသ(ဗဟို)တာဝန်ယူစဥ်က ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ၂၀၁၆ ခုနှစ် ၁၁ လပိုင်းအထိ စီးတီးဘတ်စ် ၃၀၀၀ ကျော်အပါအဝင် ဘီအမ်၊ ဟိုင်းလပ်၊ ဒိုင်နာနဲ့ မီနီဘတ်စ်ယာဉ်ပေါင်း ၇၈၀၀ ကျော်နဲ့ ပြေးဆွဲခဲ့တာပါ။
 
မထသ(ဗဟို)ယာဥ်လိုင်းက ယာဥ်မောင်းတွေဟာ ကားအပြိုင်အဆိုင်မောင်းတာတွေ သူထက်ငါကျော်တက်မောင်းတာတွေကြောင့်ယာဥ်
တိုက်မှုတွေဖြစ်ခဲ့သလို ယာဥ်နောက်လိုက်ကလည်း ခရီးသည်တွေအပေါ်မှာ ဆက်ဆံမပြေပြစ်တာတွေ ယာဥ်စီးခပိုမိုကောက်ခံတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားခဲ့တာပဲဖြစ်ပါတယ်။
 
မထသ(ဗဟို)မတိုင်ခင် ရန်ကုန်ရဲ့ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ၁၉၆၂ ခုနှစ်ကတည်းက မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ (မထသ)က တာဝန်ယူခဲ့တာဖြစ်ပါတယ်။
 
မထသယာဥ်လိုင်းတွေ ဖျက်သိမ်းပြိးနောက် ယာဥ်မောင်းအချို့ကို YBSမှာ ယာဥ်မောင်းတာဝန်တွေပြန်လည်နေရာပေးခဲ့လို့ YBSယာဥ်တွေကို မောင်းနေရမယ့် အရင်မထသယာဥ်မောင်းစိတ်တွေမကုန်သေးလို့ အခုလိုပြဿနာတွေဖြစ်နေတာလို့ ယာဥ်မောင်းတယောက်ကပြောပါတယ်။
 
“အခုလုပ်နေတဲ့ပုံစံတွေက မထသတုန်းက ပုံစံတွေပဲ စပယ်ယာထားမယ် ယာဥ်စီးခကိုပိုကောက်တယ် ခရီးသည်ကပြန်မေးရင် ရန်ဆောင်မယ်ဆိုတာမျိုး ၊ YBSဆိုတာ စပယ်ယာမရှိဘူး ခရီးသည်ကသတ်မှတ်တဲ့ ယာဥ်စီးခကိုပုံးထဲထည့်ရုံပဲ” လို့ သူကပြောပါတယ်။
 
စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ အခြားပြည်နယ်နဲ့တိုင်းတွေကပါ လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ပြည်သူတွေဟာသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ YBSယာဥ်တွေကို အားကိုးနေရတဲ့အတွက် အခုလိုယာဉ်စီးခတိုးကောက်ခံတာတွေ ယာဥ်နောက်လိုက်တွေပါလာတာတွေကို စနစ်တကျထိန်းသိမ်းဖို့သလို စည်းကမ်းချိုးဖောက်တဲ့သူတွေ ဥပဒေအရအရေးယူဖို့လိုအပ်နေပြီလို့ နိူင်ငံရေးလေ့လာသုံးသပ်တဦးက ပြောပါတယ်။
 
YRTC က အရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်နေပေမယ့်လည်း YBS ယာဥ်တစ်ချို့ကတော့ လက်တလောမှာ ငါးရာ တစ်ထောင်
ကောက်ခံနေတာမျိုးတွေ ယာဥ်နောက်လိုက်တွေရဲ့ ခရီးသည်တွေအပေါ် မထီမဲ့မြင်ပြုမူဆက်ဆံတွေဟာ အရင် မထသ(ဗဟို)ယာဥ်
လိုင်းတွေက လုပ်သလို ပြည်သူတွေကို ဒုက္ခပေးအုံးမှာလားဆိုပြီးပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။
 
မထသ(ဗဟို)တာဝန်ယူစဥ် ပြေးဆွဲခဲ့တဲ့ မထသယာဥ်လိုင်းတွေပေါ်မှာ ယာဥ်နောက်လိုက်ထားသလို YBSယာဥ်လိုင်းတွေကလည်း မ
သိမသာ ယာဥ်နောက်လိုက်တွေ ထားလာတာဟာ မထသ(ဗဟို)စနစ်ကို ပြန်သွားနေတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
 
#voiceofmyanmar #VOM #YBS #မထသ #ရန်ကုန်ဘတ်စ်ကား

Related posts

Leave a Comment

VOM News

FREE
VIEW