လှိုင်သာယာမှာ စစ်ကားယာဉ်တန်း ဗုံးခွဲခံရပြီး သေဆုံးသူနဲ့ ပြင်းထန်ဒဏ်ရာရသူတွေရှိခဲ့

အောက်တိုဘာ ၄-၂၀၂၁
GH ( VOM )
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ မနေ့ အောက်တိုဘာ ၃ ရက် ည ၈ နာရီခွဲလောက်က စစ်ကားယာဉ်တန်းဗုံးခွဲခံရပြီး သေဆုံးသူ နဲ့ ပြင်းထန်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
ရန်ကုန်-ပုသိမ် လမ်းမကြီး ရဲတပ်ရင်း(၉)နဲ့ ဒဂုံဧရာ အဝေးပြေးကားကွင်းအကြားမှာ ပွိုင့်ကားတစ်စီး၊ Double Cab နှစ်စီးနဲ့ ကားအကြီး နှစ်စီး နဲမောင်းလာတဲ့ စစ်ကားယာဉ်တန်းသွားနေချိန် ဗုံး ၂ လုံး ပေါက်ကွဲခဲ့တာဖြစ်ကြောင်း၊ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ လှိုင်သာယာဆေးရုံကိုခေါ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ် ။
 
” စစ်ကားတွေလာချိန် ဗုံးပေါက်တယ်၊ အဲ့ဒါကိုဆင်းပြီးစစ်တဲ့အချိန် နောက်တလုံးထပ်ပေါက်တာမှ ထိကြတာလို့သိရတယ်။ကြားတာ ၅ ယောက်ပေါ့။ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်။သူတို့က ဖြစ်ဖြစ်ချင်းအကုန်သယ်ပြီး ဆေးရုံထဲကို မောင်းသွားကြတာ။ရဲလား စစ်သားလား ဘယ်သူမှမသိဘူး၊ ဘယ်သူသေသေအတူတူပဲ ” လို့ ဒေသခံတဦးကပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုအပြီး လှိုင်သာယာမြို့နယ်ထဲမှာ ပိတ်ဆို့စစ်ဆေးမှုတွေလုပ်ပြီး တင်းကြပ်ခဲ့တဲ့အပြင် ပေါက်ကွဲမှုပတ်ဝန်းကျင်က ရပ်ကွက်တွေကို ဧည့်စာရင်းဝင်ရောက်စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
 
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ လှိုင်သာယာရဲစခန်းကိုဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
 
အဲ့ဒီ ဗုံးဖောက်ခွဲတိုက်ခိုက်မှုကို ဏဏလှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ CGFနဲ့ Myanmar Defense Force (MDF) တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
 
မနေ့ကညနေပိုင်း လှိုင်သာယာမြို့နယ်၊ ကနောင်မင်းသားကြီးလမ်းမှာရှိတဲ့ Denko ကုမ္ပဏီနဲ့ Gold Delta ကုမ္ပဏီအရှေ့မှာလည် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။
 
လှိုင်သာယာမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁ ရက်နေ့အပြင် စက်တင်ဘာလထဲမှာလည်း ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး သေဆုံးသူတွေနဲ့ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #လှိုင်သာယာ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW