လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေ ဖမ်းတာကြောင့် လူနာတင်ယာဥ်တွေ ဟုမ္မလင်းမြို့ပေါ် မသွားရဲ

အောက်တိုဘာ ၊ ၆ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်ထဲကို လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေ ဖမ်းမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က အမိန့်ထုတ် ကြေငြာပြီးနောက်ပိုင်း ကျေးရွာတွေက လူနာတင်ယာဥ်တွေဟာ အရေးကြီး လူနာတွေကို ဟုမ္မလင်းမြို့ပေါ်က ကုတင် ၁ ရာ ဆေးရုံဆီကို သွားရောက်ပို့ဆောင်ပေးတာတွေ မလုပ်ရဲတာကြောင့် လူမှုကူညီရေး လုပ်ငန်း တချို့ နားထားရတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။
 
” ရွာတိုင်းမှာတော့ လူနာတင်ယာဥ်မရှိဘူး ၊ သုံး လေး ရွာပေါင်းပြီး လူနာတင်ယာဥ် ၁ စီး ၂ စီး ဝယ်ကြတာတော့ရှိတယ် ၊ ရွာတွေဆိုတော့ ငွေကြေးမတတ်နိုင်တာက များတော့ လိုင်စင်ကား မသုံးနိုင်ကြဘူး ၊ ခရီးရောက်ရင်ပြီးရောဆိုပြီး မြန်ကောင်း သက်သာ လိုင်စင်မဲ့ကားပဲ ဝယ်သုံးနိုင်ကြတာ ၊ အခု ဖမ်းမယ်ဆိုတော့ လူမှုကူညီရေး လူနာတင်ကားတွေ အများစုက မသွားရဲကြဘူး ” လို့ ဒေသခံ စေတနာ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
 
ဟုမ္မလင်းမြို့နယ်ဟာ ချင်းတွင်းမြစ်နဲ့ ဥရုမြစ်အကြားမှာ ကျေးလက်အများစု ရှိပြီး အရေးပေါ် လူနာတွေကို ရေလမ်းကြောင်းကနေ ဆေးရုံကိုပို့မယ်ဆိုရင် အချိန်ကြာမြင့်ပြီး ရေတတန် ကုန်တတန် ဖြစ်တဲ့အတွက် လူနာ အသက်မမှီတာက များတာကြောင့် အခုလို စျေးနူန်းသက်သာပြီး ကြံ့ခိုင်မှုကောင်းတဲ့ လူနာတင်ယာဥ် လိုင်စင်မဲ့ ကားတွေကို ရွာရဲ့ စုပေါင်း ဘုံငွေနဲ့ ဝယ်ယူသုံးစွဲကြတာဖြစ်တယ်လို့ သိရပါတယ်။
 
” ဒီနယ်မှာက ကျေးလက် ချိတ်ဆက်လမ်းတွေက တောင်ပေါ်မြေသားလမ်းပိုင်းတွေဖြစ်တယ် ၊ အရေးပေါ် လူနာ အသက်မီဖို့ဆိုရင် ကြံ့ခိုင်မှုရှိပြီး ရုန်းအား ဆွဲအား ကောင်းတဲ့ ကားတွေနဲ့မှ ဖြစ်တာ ၊ အဲ့ဒါကြောင့် ရွာဘုံငွေနဲ့ ရနိုင်တဲ့ ကားဆိုတာ လိုင်စင်မဲ့ပဲ ရှိတာ ” လို့ ဟုမ္မလင်း နယ်ခံ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။
 
ဒါ့အပြင် ဟုမ္မလင်းမြို့နယ်မှာ အသုံးပြု စီးနင်းနေကြတဲ့ ဆိုင်ကယ်အများစုဟာ ယာဥ်လိုင်စင် သက်တမ်းလွန် ဆိုင်တွေအများစုဖြစ်ကြတယ်လို့ သိရပါတယ် ။
 
” ဟုမ္မလင်းကနေ မုံရွာ ကညန ဆီ သက်တမ်းတိုးသွားမယ်ဆိုရင် ကုန်ကျစရိတ် အားလုံးဟာ ဆိုင်ကယ် အသစ် ၁ စီးဖိုးဝန်းကျင်ကုန်ကျတယ် ၊ အဲ့ဒါကြောင့် လိုင်စင်တော့ ရှိကြတာများတယ် ၊ သက်တမ်း မရှိတာ တချို့ဆို လေးငါးနှစ်ကျော်နေပြီ ” လို့ မောင်းခမ်းရွာခံ တစ်ယောက်က ပြောပါတယ်။
 
ဟုမ္မလင်းနယ်မှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေ ဖမ်းမယ်ဆိုတာကြောင့် အခုလဆန်းပိုင်းကစပြီး ဟုမ္မလင်းမြို့ပေါ်ကို သွားရောက်တဲ့ ဆိုင်ကယ်နဲ့ ကားတွေ သိသိ သာသာနည်းသွားတယ်လို့ သိရပါတယ်။
 
#voiceofmyanma #VOM #ဟုမ္မလင်း #လိုင်စင်မဲ့ကား

Related posts

Leave a Comment

VOM News

FREE
VIEW