ဝမ်တိမ်မှာ အလုပ်သွားလုပ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရုတ်ဘက်က ပြန်လွှတ်နေ

အောက်တိုဘာလ ၆-၂၀၂၁
Shy V(VOM)
 
မြန်မာ – တရုတ်နယ်စပ် ဝမ်တိန်မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ကစပြီး တရုတ်ဘက်က ပြန်လွှတ်နေပြီလို့ ဝမ်တိန်ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
 
“မနေ့က မထွက်ခိုင်းဘူး။ နှစ်နိုင်ငံလွှဲပြောင်း။ နန်းတော်ပေါက်က ပို့တာ။ တစ်ရက်ကို လူ ၂၀၀ လောက်ပို့မှာ။ ကနေ့ထွက်မှာ လူ ၂၀၀ တောင် မကဘူး။ ဆိုင်ကယ်တွေနဲ့ရောဆိုရင် ၃၀၀ ကျော်မယ်။ ပြန်ရမယ့်သူတွေက ၆၀၀ လောက်ရှိတယ်။ ၂ရက် ၃ ရက်လောက်ပို့ရမှာ။” လို့ ဝမ်တိန်မှာ နေထိုင်နေသူ မြန်မာနိုင်ငံသား ၁ ဦးက ပြောပါတယ်။
 
ပြန်လာမယ့် စာရင်းမှာ ပါဝင်နေသူ အမျိုးသား ၁ ဦးကလည်း “ပြန်ရပြီ။ ဘာမှ လုပ်မရတော့ဘူး။ ပေါက်ဖော်ကဒ် သက်တမ်းလွန်လို့။ နန်းတော်ပေါက်ကနေ ပြန်ပို့မယ် ပြောတာပဲ။ ပေါက်ဖော်ကဒ် သက်တမ်း ၁ လ ကျန်သေးတာတောင် မရဘူး။ ပြန်ဆိုတာကြီးပဲ။ ဘာမှတောင် ပြောခွင့်မရဘူး။” လို့ ပြောပါတယ်။
 
ဝမ်တိမ်က နိုင်ငံခြားဝန်ထမ်းတွေ၊ လုပ်သားတွေခန့်ထားတဲ့ လုပ်ငန်းရှင်ကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားဖို့နဲ့ နိုင်ငံခြားသား လုပ်သားတွေရဲ့ လုပ်အားခကို အောက်တိုဘာလ ၄ ရက်နေ့ည အပြီးရှင်းပေးဖို့ တရုတ်ဘက်က အွန်လိုင်းကနေ အောက်တိုဘာ ၄ ရက်နေ့ အသိပေးကြေညာစာထုတ်ပြန်ထားပါတယ်။
 
အောက်တိုဘာလ ၅ ရက်နေ့ မနက် ၈ နာရီကစ ဝမ်တိန်ရှိ နိုင်ငံခြားသားဝန်ထမ်းတွေ နဲ့ အဓိကအားဖြင့် နေထိုင်ခွင့် အထောက်အထားမဲ့သူတွေ၊ တရားမဝင် နေထိုင်သူတွေ၊ နေထိုင်ခွင့်စာအုပ်သက်တမ်း ကုန်လွန်သွားတဲ့ သူတွေကို နေရပ် (မြန်မာနိုင်ငံ)ပြန်ပို့ဖို့နဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေအနေနဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား (မြန်မာနိုင်ငံသား)တွေကို ရှင်းလင်းရေးလုပ်ဖို့ အဲဒီ အသိပေးကြေညာစာမှာ ဖော်ပြထားပါတယ်။
 
“ဒီစာထဲမှာ ရေးထားတာတော့ ရိုးရိုး ပြန်ခိုင်းတာမဟုတ်ဘူး။ အတင်းပြန်ခိုင်းတာ။ ဒါပေမယ့် ပြည်နှင်ဒဏ်တော့မဟုတ်ဘူး။ အရင်ကထုတ်ပြန်တဲ့စာတွေဆိုရင် ပြစ်မှုတခုခုကျူးလွန်ပြီး ပြန်ခိုင်းတဲ့ပုံစံလိုမျိုးဟုတ်တယ်။ အခုဟာက ပြန်ဝင်လို့ရတယ်။ နိုင်ငံခြားသား ခန့်ထားတဲ့ ကုမ္ပဏီတွေကို ၄ ရက်ည အပြီး လုပ်ခရှင်းပေးဖို့ ပြောထားတယ်။ လူ သန့်စင်လိုက်တဲ့ သဘောပါ။” လို့ တရုတ်-မြန်မာ ဘာသာပြန် ၁ ဦးက ရှင်းပြပါတယ်။
 
ဝမ်တိန် နယ်မြေအတွင်းရှိ သက်ဆိုင်ရာ ရဲစခန်းကနေ စာရင်းကောက်ပြီး ပြန်ပို့သွားမှာ ဖြစ်တယ်လို့လည်း အဲဒီ အသိပေးကြေညာစာမှာ ပါရှိပါတယ်။
 
Photo – CJ
#voiceofmyanmar #VOM #ဝမ်တိန် #ရွှေ့ပြောင်မြန်မာလုပ်သား #တရုတ်ဘက်ကပြန်လွှတ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW