မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ခံရပြီး ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

အောက်တိုဘာ ၊ ၁၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့ ၊ ရပ်ကွက်ကြီး ၃ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနားက မုန့်ဟင်းခါးဆိုင်ထဲမှာ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခံရတဲ့အတွက် လူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မလှိုင်မြို့ခံတွေက ပြောပါတယ်။
 
” ထွေ/အုပ်ရုံးရှေ့က မုန့်ဟင်းခါးဆိုင်ထဲမှာ စားနေကြတဲ့ လူကြီးတွေ သေနတ်နဲ့ ပစ်ခံရတာ ၊ ပစ်တဲ့ သေနတ်သမား ၂ ယောက်က အဲ့ဒီဆိုင်ထဲမှာ မုန့်ဝင်စားပြီး ထအပြန်မှာ ပစ်သွားတာ ” လို့ ထွေ/အုပ်ရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုကြောင့် မုန်းဟင်းခါးစားနေတဲ့ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးကျော်ငြိမ်းဆိုသူ သေနတ် ၉ ချက်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တာလို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
ဒါ့အပြင် မြို့နယ်စီမံအုပ်ချုပ်ရေးရုံးက လူ ၂ ​ယောက်လည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
” ဒီမနက် သေနတ်နဲ့ ပစ်သတ်ခံရတယ်ဆိုတာ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ မဟုတ်ဘူး ၊ အဖွဲ့ဝင် ဖြစ်တယ် ၊ ပြီးခဲ့တဲ့ ဧပြီလား မေလားတော့ မမှတ်မိတော့ဘူး သူ့အိမ်ဝန်းဘေးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့သေးတယ် ” လို့ မလှိုင်မြို့ခံတယောက်က ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် မလှိုင်မြို့ပေါ်မှာ လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေပြီး လုံခြုံရေး အထူးတင်ကြပ်ထားတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မလှိုင် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW