ရန်ကုန်တိုင်းက ၃၁မြို့နယ်ကို ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးနောက် ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေပိုများလာ

ရန်ကုန်၊အောက်တိုဘာ ၁၁-၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်းရှိ မြို့နယ် ၃၁ မြို့နယ်ကို လူ ၅ ဦးထပ်ပိုမစုဖို့ ပုဒ်မ-၁၄၄နဲ့ ည ၁၀ နာရီ ကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အောက်တိုဘာ ၈ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 
အဲ့ဒီအမိန့်စာထုတ်တဲ့နေ့မှာပဲ လှိုင်မြို့နယ်နဲ့ထန်းတပင်မြို့နယ်မှာ ဗုံးပေါက်တာတွေ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ ရဲတပ်သားတဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အရပ်သား(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
 
မနေ့ အောက်ဆိုဘာ ၁၀ရက်နေ့ကလည်း အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှု ၁၅ကြိမ်ဖြစ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် တဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
လူ(၅)ဦးထပ်ပိုမစုရ ပုဒ်မ ၁၄၄ထုတ်ပြန်ပြီးနောက် ၂ရက်အတွင်းမှာပဲ ဗုံးပေါက်ကွဲမှု၂၃ကြိမ်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
 
ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့တဲ့ ၃၁မြို့နယ်ထဲမှာ အရှေ့ပိုင်းခရိုင်နဲ့အနောက်ပိုင်းခရိုင်က ၂၆မြို့နယ်ပါဝင်ပြီး မြောက်ပိုင်းခရိုင်က (၉)မြို့နယ်ထဲမှာတော့ (၅)မြို့နယ်သာပါပြီး (၄)မြို့နယ်ပါဝင်ခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။
 
တောင်ပိုင်းခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ဒလ၊ဆိပ်ကြီးခနောင်တို၊သန်လျင်၊ကျောက်တန်း၊သုံးခွ၊ကော့မှုး၊ခရမ်း၊ကွမ်းခြံကုန်း၊ကိုကိုကျွန်း စတဲ့မြို့နယ်တွေကတော့ ပုဒ်မ၁၄၄ထုတ်ပြန်တဲ့အထဲမှာ ပါဝင်မှု
မရှိတာကို တွေ့ရပါတယ်။
 
ရန်ကုန်တိုင်းကို ခရိုင်(၄)ခု မြို့နယ် ၄၅မြို့နယ်၊ ရပ်ကွက် ၇၄၃ခု၊ ကျေးရွာအုပ်စု ၆၁၉ခု၊ ကျေးရွာ ၂၁၆၂ရွာနဲ့ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။
 
ပုံစာ – ယခင်ကပုံဟောင်း
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW