တရုတ်နဲ့ဂျပန်ငွေ ရောင်းချခွင့်ပြုတာဟာ တရုတ်နဲ့အဆင်ပြေပေမယ့် ဂျပန်ကတော့ ပြောင်းလဲမှုမရှိနိုင်

အောက်တိုဘာ ၁၃
GH ( VOM )
 
တရုတ်ငွေ ယွမ်နဲ့ ဂျပန်ငွေ ယန်းကို မြန်မာနိုင်ငံထဲမှာ တရားဝင် ဝယ်ယူရောင်းချခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်က မနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။
 
ဒီလို တရားဝင်ရောင်းချခွင့်ပြုလိုက်တဲ့အတွက် တရုတ်နဲ့ ကုန်သွယ်မှုလုပ်ကိုင်နေရတဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အဆင်ပြေတဲ့အပြင် စီးပွားရေးကို ပိုပြီးကျယ်ပြန့်သွားစေမှာဖြစ်တယ်လို့ လုပ်ငန်းရှင်တဦးကပြောပါတယ်။
 
“စီးပွားရေးလောက ပိုကျယ်ပြန့်သွားတာပေါ့။အန်ကယ်တို့လို့ တရုတ်ပြည်ကိုပို့နေရတဲ့သူတွေဆိုရင် ပိုအဆင်ပြေတယ် ၊နောက်တစ်ခုက အိုဗာဆီးကနေ တရုတ်ကိုပို့တယ်။တရုတ်က သူတို့နိုင်ငံမှာ ဒေါ်လာပေးတာမဟုတ်ဘူး။သူတို့ငွေပဲပေးတာ၊တရုတ်ငွေဆိုတော့ ဒေါ်လာပြန်ဝယ်ရတယ်။ အခုက တရားဝင်ဖြစ်သွားပြီဆိုတော့ဒေါ်လာပြန်ဝယ်စရာမလိုတော့ဘူး တရုတ်ငွေနဲ့ပဲအရောင်းအဝယ်လုပ်လို့ရသွားပြီ။ဗဟိုဘဏ်မှာပဲပေါ့။ ” လို့ တရုတ်ကို ဆန် တင်ပို့နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။
 
အရင်က တရုတ်ငွေ ယွမ်ကို နယ်စပ်မှာ တရားမဝင်လဲလှယ်နေရတာဖြစ်ကြောင်း၊ အခုလို တရားဝင်ခွင့်ပြုလိုက်တာကြောင့် တရုတ်ငွေနဲ့ပဲ ကုန်သွယ်မှုတွေလုပ်ဆောင်နိုင်ပြီဖြစ်လို့ တရုတ်နဲ့ဆက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းအားလုံး ပိုပြီးအဆင်ပြေနိုင်ပေမယ့်၊ ဂျပန်ကတော့ ဒေါ်လာသာလက်ခံတာဖြစ်လို့ ထူးခြားတဲ့ပြောင်းလဲမှုတော့မရှိနိုင်ဘူးလို့ စီးပွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
” အခုလိုလုပ်လိုက်တော့ ယွမ်စျေးကိုလည်း ထိန်းပြီးသားဖြစ်တာပေါ့။အရင်ရက်က ယွမ်စျေးတက်သွားသေးတယ်လေ။ တရုတ်ကို အခုကတော့ ရေကြောင်းကနေ ကုန်ပို့နေတယ်။ ဆန်ကွဲ၊ပဲတီစိမ်း။ ဂျပန်ကတော့ ဒေါ်လာပဲ လက်ခံတာဆိုတော့ သိပ်တော့မထူးခြားနိုင်ဘူး”လို့ စီးပွားရေးလုပ်ငန်းရှင် ကုန်သည်တဦးကပြောပါတယ်။
 
တရုတ်ငွေ ယွမ်နဲ့ ဂျပန်ငွေ ယန်းကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရဘဏ်တွေအပြင် ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေပါ ယွမ် နဲ့ ယန်း နိုင်ငံခြားငွေ ၂ မျိုးကို ဝယ်ယူရောင်းချခွင့်ရှိတယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာရေးသားထား ပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ်လက်အောက်မှာရှိတဲ့ Money Changer တွေနဲ့ပတ်သက်ပြီး ကိုင်တွယ်တဲ့ ဌာနခွဲကို ဆက်သွယ်မေးမြန်းရာ ” ရောင်းခွင့်ပြုရင် ရောင်းခွင့်ပြုတယ်လို့ပဲမှတ်လိုက်ပါ ဒီစာအတိုင်းပါပဲ ” လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
 
အရင်က နိုင်ငံခြားငွေ (၅)မျိုးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၊ ယူရို ၊ စင်္ကာပူ ဒေါ်လာ ၊ ထိုင်း ဘတ်ငွေ၊ မလေးရှား ရင်းစ်ဂစ် ကိုသာရောင်းချခွင့်ပြုခဲ့တာဖြစ်ပြီး အခုတော့ တရုတ်ငွေနဲ့ဂျပန်ငွေကိုပါ ထပ်တိုးရောင်းချခွင့်ပြုလိုက်တာဖြစ်ပါတယ်။
 
ဒါကြောင့် ငွေလဲကောင်တာတွေမှာ တရုတ်ငွေ ယွမ်နဲ့ ဂျပန်ငွေ ယန်းကိုစတင်ရောင်းချနေတာတွေ့ရပေမယ့် အရောင်းအဝယ်မရှိဘူးလို့ ငွေလဲကောင်တာအချို့ဆီကသိရပါတယ်။
 
တရုတ်ငွေက အဝယ် ၂၇၀ ကျပ် ၊ အရောင်းက ၃၀၀ စျေးပေါက်နေပြီး ဂျပန်ငွေက အဝယ် ၁၅ ကျပ်၊အရောင်းက ၁၇ ကျပ်စျေးပေါက်တယ်လို့ ငွေလဲကောင်တာတချို့မှာ ကြေညာထားတာကို တွေ့ရပါတယ်။
 
Photo – Etrademyanmar
#voiceofmyanmar #VOM #တရုတ်ဂျပန် #ငွေရောင်းချမှု

Related posts

Leave a Comment

VOM News

FREE
VIEW