မင်္ဂလာတောင်ညွှန့်မှာ မီးရထားဝန်ထမ်းတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊အောက်တိုဘာ ၁၃-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊သိမ်ဖြူမီးပွိုင့်မှာ ဒီကနေ့ မနက် ၉နာရီက မီးရထားဝန်ထမ်းတစ်ဦးသေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေကနေ သိရပါတယ်။
 
အဲ့ဒီမီးရထားဝန်ထမ်းဟာ နေအိမ်ကနေ အလုပ်ကိုအသွား ကားပေါ်က အဆင်းမှာ ပစ်ခတ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဗိုလ်မင်းရောင်လမ်းမှာ နေထိုင်သူတဦးက ပြောပါတယ်။
 
“ကားပေါ်ကအဆင်းမှာ သေနတ်နဲ့ပစ်တာ ရင်ဘတ်ကို ပစ်တာ၊ အဲ့ဒီနေရာမှာပဲ သေသွားတာ၊ စစ်သားတွေအလောင်းလာသယ်သွားပါပြီ၊ စစ်ဆေးမှုတွေလည်း လုပ်နေတယ်”လို့ သူကပြောပါတယ်။
 
သေဆုံးသူဟာ မြန်မာ့မီးရထား သတင်းနှင့်ပြန်ကြားရေးဌာနမှ ဦးထိန်ဝင်း (ခေါ်) ရန်ကင်းမောင်ဆိုသူဖြစ်ပြီး ရန်ကုန်ဘူတာကြီးကနေ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထားတိုင်း (၆)ရုံးကို သွားရောက်ချိန် သိမ်ဖြူမီးပွိုင့်မှာ ရင်ဘတ်ကို သေနတ်နဲ့သုံးချက်ပစ်ခံရကာ သေဆုံးသွားတာဖြစ််တယ်လို့ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတွေက သိမ်ဖြူမီးပွိုင့်အနီးမှာ ကားတွေနဲ့လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #မီးရထားဝန်ထမ်း #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW