မုံးကိုးမှာ အရပ်သားပြည်သူ ၆ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရ

အောက်တိုဘာ ၁၃-၂၀၂၁
Shy V (VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့မှာ မနေ့ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကစ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သား ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့‌တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
လက်နက်ကြီး ကျရောက်ထိမှန်တာကြောင့် နေအိမ် ၂ အိမ်ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၆ ဦး ဦးရန်ကျုံး ၆၃ နှစ်၊ မရန်စီဖာ ၂ နှစ်၊ ဒေါ်ဆုမွေ ၆၁ နှစ်၊ ဒေါ်ဂလောင်းဝ်ယိမ်းဆောင် ၂၅ နှစ်၊ ဦးဂယာသား ၂၃ နှစ် နဲ့ မမရန်ဆိုင်းနန် ၂ နှစ် ၁၀ လ တို့လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး ၎င်းတို့ ၆ ဦး ထဲက ၄ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ကူညီပေးနေသူ ၁ ဦးကပြောပါတယ်။
 
“သူတို့နေတဲ့နားက ကုန်း၊ ကြံခင်းကနေ ကိုးကန့် MNDAA တို့ လာပစ်တယ်။ အဲဒါကြောင့် သူတို့ကိုပြန်ပစ်တာ ကျည်က အဲဒီကို မရောက်ဘဲနဲ့ အဲဒီကုန်းကလည်း အလယ်မှာ ကမူလေး ဖြစ်နေတယ်။ စစ်တပ်က ဗျူဟာကုန်းကနေ ပစ်လိုက်တာ အဲဒီကုန်းကို မရောက်ပဲနဲ့ သူတို့ဆီမှာလာကျတာ။ ၄ လုံး လောက်လာကျတယ်။”လို့ ဒေသခံတဦးကပြောပါတယ်။
 
တိုက်ပွဲ ပြင်းထန်သွားတာကြောင့် ကြောက်လန့်လို့ ဒေသခံအားလုံးနီးပါးထွက်ပြေးကြရပြီး ထွက်ပြေးတဲ့အချိန် ဆိုင်ကယ်စီးတဲ့သူတွေကို လိုက်လံ ပစ်ခတ်တာကြောင့် တချို့က ဆိုင်ကယ်တွေကို လမ်းခုလပ်မှာ ပစ်ထားခဲ့ကာ စားစရာမပါလာတဲ့အတွက် အခက်အခဲ ဖြစ်နေကြရတယ်လို့ သူက ပြောပါတယ်။
 
မုံးကိုးမြို့နယ်အတွင်း နစက တပ်နဲ့ ကိုးကန့် MNDAA တို့အကြား ဇူလိုင် လဆန်းကတည်းက စတင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိ တိုက်ပွဲရှောင် ဦးရေ ၁၂၀၀ ကျော်ထိ ရှိနေပါတယ်။
 
တိုက်ပွဲကြောင့် မုံးကိုးမြို့နယ်ခွဲအတွင်း လက်နက်ကြီး ကျည်ထိမှန်သေဆုံးတဲ့ အရပ်သားပြည်သူ ၅ ဦး၊ ထိခိုက် ဒဏ်ရာရသူ ၉ ဦး၊ ရှပ်ထိ ၂ ဦး၊ မိုင်းနင်းမိ သေဆုံး ၂ ဦး၊ ဒဏ်ရာရသူ ၂ ဦး ရှိပြီ ဖြစ်ပါတယ်။
 
လက်ရှိ တရုတ်နဲ့ နယ်ခြားစည်းရိုးနဲ့ ကပ်လျက် မြန်မာဘက်ခြမ်းရှိ ရေချောင်းရဲ့တဖက်ခြမ်းမှာ တဲထိုးတိမ်းရှောင်နေရပြီး ထပ်ရှောင်လာမယ့်လူတွေ ရှိသေး‌ကြောင်းနဲ့ ရွာမှာ စားစရာရိက္ခာတောင် ပြန်မယူရဲကြကြောင်းနဲ့ လက်ရှိ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင် ၁ ဦးက ပြောပါတယ်။
 
Photo – CJ
#voiceofmyanmar #VOM #ညောင်ဦး #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW