—————
ဆူးငှက်
မန္တလေးမှာ ဟံသာဝတီသတင်းစာရောက်လာမယ်ဆိုကတည်းက
မြို့လူထုကမျှော်လင့်နေကြတယ်။ ကုန်လွန်ခဲ့တဲ့ ကာလတစ်လျှောက်လုံး မန္တလေးနဲ့ သတင်းစာက အမြဲတမ်းတွဲဖက်ရှင်သန်ခဲ့တာချည်း။
ဂျပန်ခေတ်လို မြို့လုံးကျွတ် မြို့ပစ်ထွက်ပြေးတိမ်းရှောင်ဒုက္ခရောက်တဲ့ကာလမှာတောင် မန္တလေးနဲ့သတင်းစာက အိုးစားကွဲခဲ့တာမှ မဟုတ်ဘဲ။
ဒီလိုနဲ့ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်၊ ဖဆပလခေတ်။ မန္တလေးမှာသတင်းစာတွေ အပြိုင်းအရိုင်း။ ၁၉၆၂-ခုနှစ်၊ တော်လှန်ရေးကောင်စီအာဏာသိမ်းပြီးနောက်။ သတင်းစာတွေ တစ်ပြည်လုံးအတိုင်းအတာနဲ့
လုံးပါးပါးကုန်တာပါပဲ။ နောက်ဆုံး မန္တလေးမှာ ၁၉၆၇-ခုနှစ် ဇူလိုင်လ၇ရက်နေ့ရောက်တော့ လူထုသတင်းစာကို မှတ်ပုံတင်သက်တမ်း ထပ်တိုးမပေးတဲ့နည်းနဲ့ အလိမ္မာသုံးကာ “မန္တလေးနှင့်သတင်းစာ” ပြည် ဖုံးကာချခဲ့တာပါပဲ။
မန္တလေးမြို့လူထုရဲ့နှလုံးသားမှာ “လူထုသတင်းစာ”က စွဲထင်ပျော်
ဝင်နေဆဲ။ မနက်လင်းတာနှင့် ဆွမ်းခံ ရဟန်းတော်များနှင့်အတူ လူထုသတင်းစာကိုစောင့်မျှော်တဲ့ ဆန္ဒတွေ သီးပွင့်ဝေဆာဆဲ။ ဒါပေမယ့် မန္တလေးသားတွေရင်ထဲမှာ လူထုသတင်းစာက ပျောက်ကွယ်သွားပေါ့။ ၁ နှစ်..။ ၂ နှစ်..။ဒီကာလမှာပဲ ၁၉၆၉ ခုနှစ်မှာ ဟံသာဝတီသတင်းစာ မန္တလေးမှာ ထုတ်ဝေတော့မယ်ဆိုတဲ့ သတင်းဟာ မန္တလေးသူ၊ မန္တလေးသားတွေ အားလုံးအတွက် ခေါင်းမော့ လည်ဆန့်မျှော်လင့်
မေးမြန်းစူးစမ်းစရာပါပဲ။
ဟံသာဝတီ ဘယ်လဲ၊ ဘာလဲ။ ရင်ထဲက“လူထု” ကို အစားထိုးနိုင်ပါ့မလား။ ရင်ထဲကဆန္ဒတွေ “ပြေ”စေနိုင်ပါ့မလား။ ကျောက်သွေးတန်း၊ ပြန်ကြားရေး စာကြည့်တိုက်လေးဖွင့်ထားတဲ့ ရှေးဟောင်း၂ထပ်တိုက်ကြီးမှာ “ဟံသာဝတီ” ဖွင့်မှာတဲ့။ ဆိုင်းဘုတ်တင်ကတည်းက မန္တလေးသားတွေ ဟံသာဝတီတိုက်ရှေ့ စက်ဘီးနဲ့ သွားကြည့်ရတာအမော …။
ဒီလိုနဲ့ ၁၉၆၉အာက်တိုဘာ ၁ ရက်နေ့မှာ ဟံသာဝတီစထွက်တယ်။ စက်တင်ဘာ၃၀ရက်ညမှာ သတင်းစာတိုက်ဖွင့်ပွဲကို ဗိုလ်ချုပ်အောင်ဆန်းလမ်း(၈၄လမ်း) ကျောက်သွေးတန်းက သတင်းစာတိုက်ရှေ့မှာကျင်းပတယ်။ မန္တလေး ထုံးစံအတိုင်း “မြို့မ”နဲ့ ဘာနဲ့ပေါ့။ အဲဒီဖွင့်ပွဲမှာ
မန္တလေးမြို့ခံ စာရေးဆရာ၊ သတင်းစာဆရာကြီး၊ လူထုဦးလှက ဟံသာဝတီနဲ့ပတ်သက်ပြီး ဦးဝင်းတင်နဲ့ပတ်သက်ပြီး နာမည်ကျော် “စကားတစ်ခွန်း” ပြောခဲ့တာကလည်း အထင်ကရပါ။
ဒီလိုပါ။ စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှက “မန္တလေးမှာသတင်းစာအနေနဲ့ ဟံသာဝတီက တစ်စောင်တည်း။ ကိုဝင်းတင်အနေနဲ့ မန္တလေးမှာလာနေရတာ တစ်ယောက်တည်းမို့ အားငယ်နေစရာမလိုပါဘူး။ “တစ်ကောင်တည်း၊ ဒါပေမယ့်ခြင်္သေ့”ဆိုတဲ့ ပုံပြင်လိုပါပဲ”ဆိုတာမျိုး အစချီပြီးပြောတဲ့စကားပါ။ အဲဒီကစပြီး “တစ်ကောင်တည်း၊ ဒါပေမယ့်ခြင်္သေ့”ဆိုတဲ့ စကားကို တခုတ်တရပြောဖြစ်ကြပါတယ်။
ဟုတ်ပါတယ်။ ဦးဝင်းတင်ဟာ “တစ်ကောင်တည်းဒါပေမယ့် ခြင်္သေ့”ပါပဲ။ ပြည်သူပိုင်အသိမ်းခံလိုက်ရတဲ့ ဟံသာဝတီ သတင်းစာကို မန္တလေးမှာပြောင်းဖွင့်ပြီး ဦးဝင်းတင်ကို အယ်ဒီတာချုပ်အနေနဲ့ တာဝန်ပေးမယ်ဆိုတော့ အစိုးရက တင်းကျပ်တဲ့စည်းကမ်းတွေနဲ့
ကြိုပြီးကန့်သတ်တယ်။
မန္တလေးရောက်ရင် လူထုဦးလှ၊ လူထုဒေါ်အမာ အပါအဝင် လက်ဝဲဆန်တယ်လို့ အစိုးရက တံဆိပ်ကပ်ထားတဲ့ စာရေးဆရာတွေနဲ့ မတွေ့ရဘူး။ မပေါင်းရဘူး။ သူတို့ဆောင်းပါးတွေကို သတင်းစာမှာ မသုံးရဘူး။ အဲဒီစာရေးဆရာတွေ ကျင့်သုံးရေးသားနေတဲ့ “စကားပြောသလို”အရေးအသားနဲ့ ဆောင်းပါးတွေလည်း မသုံးရဘူး။ သတင်းစာ မှာလည်း သည်။၏။သောကြောင့်။ ထို့ကြောင့်..စတဲ့အသုံးအနှုန်းမျိုးနဲ့ “စကားပြေ”ပုံစံ၊ သတင်း၊ သတင်းဆောင်းပါးတွေပဲရေးရမယ်။ စတဲ့.. အချုပ်အချယ် အကန့်အသတ်တွေနဲ့ပေါ့။
ဒါကို ဦးဝင်းတင်က လက်ခံမယ်လို့ ထင်ပါသလား။ လက်မခံတဲ့အပြင် မန္တလေးမှာဖွင့်မယ့် သတင်းစာဟာ လူထုဦးလှ-လူထုဒေါ်အမာအမှူးပြုတဲ့ မန္တလေးသား စာရေးဆရာမတွေကို အမှူးထားရမှာ၊ သူတို့နဲ့ပေါင်းရုံသင်းရုံမက သူတို့အကြံဉာဏ်၊ သူတို့ အစောင့်အရှောက် ခံယူရမယ်။ သူတို့စာမူတွေကိုသုံးရမယ်။ “စကားပြော”သလိုရေးရေး၊ ”စကားပြေ” နဲ့ရေးရေး၊ ဆောင်းပါးကောင်းရင် သုံးမယ်ဆိုတဲ့ မှန်ကန်တဲ့ တုန့်ပြန်ချက်တွေနဲ့ ခုခံခဲ့တယ်။ ခုခံရုံမက ဒီအချက်အလက်တွေနဲ့ပဲ ဟံသာဝတီသတင်းစာကို တည်ဆောက် ထုတ်ဝေခဲ့တာ မဟုတ်လား။
ဒါကြောင့် အစိုးရထုတ်တဲ့ ဟံသာဝတီသတင်းစာဟာ အစိုးရ ရနံ့တဟောင်ဟောင်နဲ့ အစိုးရအာဘော်ဖြစ်လေမလားဆိုတဲ့ မန္တလေးသတင်းစာဖတ်ပရိသတ်ရဲ့ သံသယဟာ အမှတ်စဉ်(၁)စထွက်ကတည်းက “ဟံသာဝတီ“ဟာ မန္တလေးကိုယ်စားပြုတယ်ဆိုတာကို ရဲရဲလက်ခံလိုက်ကြတယ်။ ဟုတ်ပါတယ်။ ဆက်တိုက်ပါပဲ။ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ကြည်မြ၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊ဒေါက်တာသန်းထွန်း၊မမျိုးလွင်၊ မောင်သစ်လွင်(လူထု)တို့ကအစ ချင်းတွင်းချစ်သွေး၊မြသောင်း(မြောက်ပြင်)၊ မောင်နေဦး၊ စိန်သီးဦး
တို့အလယ်၊ ကံချွန်၊ မောင်ဝင်းမောင်(တမ္ပဝတီ)..စတဲ့ စတဲ့ လူငယ်ကလောင်သစ်များအဆုံး မန္တလေးက စာမူတွေ ဖောဖောသီသီသုံးတော့တာပါပဲ။
မန္တလေးမှာ ထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာက ပိုပြီး မန္တလေးနဲ့ လုံးသားတစ်ထပ်တည်းကျစေတဲ့ ဆောင်ရွက်မှုတစ်ခုကတော့ ဟံသာဝတီတနင်္ဂနွေ အချပ်ပိုနဲ့ အခါကြီးရက်ကြီး အထူးထုတ် သတင်းစာတွေပါပဲ။ တနင်္ဂနွေအချပ်ပိုမှာ မန္တလေးနဲ့ပတ်သက်တဲ့ သမိုင်း၊ ယဉ်ကျေးမှု၊
အနုပညာ၊ သုတေသနဆိုင်ရာဆောင်းပါးတွေကို မန္တလေးသား ဆရာ့ဆရာကြီးတွေ၊ ပညာရှင်တွေ သုတေသီတွေဆီက တခုတ်တရတောင်းပါတယ်။ “ဟံသာဝတီ”ဆိုတာ တစ်ချိန်က ပဲခူးကို မြို့တော်အခြေစိုက်တဲ့ မွန်အင်ပါယာကြီးရဲ့ နာမည် ကမ္ပည်းဖြစ်ခဲ့ပေမယ့် အခုတော့ မန္တလေးမှာ ထုတ်ဝေတဲ့ “ဟံသာဝတီ”သတင်းစာဟာ “မန္တလေး”ရဲ့ ပကတိ အမှတ်လက္ခဏာဖြစ်သွားတဲ့ အထိပါပဲ။
ကဆုန်လပြည့်၊ ဝါဆိုလပြည့်၊ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့် စတဲ့ အခါကြီးရက်ကြီးတွေရောက်ရင်လည်း “ဟံသာဝတီ”သတင်းစာက မန္တလေးသားပန်းချီကျော်များရဲ့ ပန်းချီလက်ရာ ရောင်စုံမျက်နှာဖုံးနဲ့အတူ အထူးဆောင်းပါးတွေနဲ့ဝေေ၀ဆာဆာ ထုတ်ဝေတာပါ။ ဒီအစဉ်အလာကလည်း တစ်ချိန်က “လူထု”သတင်းစာရဲ့ ကောင်းမွန်တဲ့ အစဉ်အလာပါပဲ။
ဒီတော့ ဦးဝင်းတင်ရဲ့ “ဟံသာဝတီ”ဟာ နေ့ချင်းညချင်းပဲ မန္တလေးသတင်းစာဖြစ်သွားတယ်။ အစိုးရပိုင်ဖြစ်ပေမယ့် အစိုးရအာဘော် မဟုတ်တော့ဘူး။ လူထုရဲ့ ခံစားချက်၊ နစ်နာချက်ကို ဖော်ထုတ်၊ရပ်တည်၊တောင်းဆိုတိုက်ပွဲဝင်တဲ့ လူထုဖက်က သတင်းစာဖြစ်လာတယ်။
အမှန်တရားဖက်က ရပ်တည်ရုံမက၊ အမှားတရားကိုလည်း ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရှုံ့ချတယ်။
ဒီနေရာမှာ ဆရာကြီးဦးဝင်းတင်က ဟံသာဝတီ သတင်းစာဟာ ရေနစ်နေတာကို ရေနစ်နေပါပြီလို့ အမှန်အတိုင်း သတင်းပေးရုံအလုပ်တင် မကဘူး။ အဲဒီရေနစ်နေတဲ့နေရာအထိ အရောက်သွားပြီး၊ ကယ်တင် ကူညီ အားပေး၊ တောင်းဆိုတဲ့ အလုပ်ထိလုပ်ပါတယ်လို့ ပြောဆိုခဲ့တာဟာလည်း မှတ်သားစရာပါပဲ။
ထူးထူးခြားခြား အတုယူစရာတစ်ခုရှိသေးတယ်။ ဆရာကြီးဦးဝင်းတင်ဟာ ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ် အပြင်၊ ဟိုအဖွဲ့ သည်အဖွဲ့ရဲ့ ဥက္ကဋ္ဌတွေ၊ ဟိုပွဲသည်ပွဲရဲ့သဘာပတိတွေ၊ နာယကတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် ၁၀နှစ် ၁၀မိုး နီးပါးမျှ သူ့တာဝန်ယူခဲ့တဲ့ သူ့သတင်းစာမှာ သူ့ဓာတ်ပုံဟာ တစ်ကြိမ်တစ်ခါထက်ပိုပြီး မပါခဲ့ဘူး။
နောက် ဆရာကြီးဦးဝင်းတင် ပြောခဲ့တာ တစ်ခု မှတ်မိသေးတယ်။ အဲဒီအချိန် ကလောင်သစ်လေးတစ်ယောက်က ဆောင်းပါးတစ်စောင်
ပို့တယ်။ အယ်ဒီတာချုပ်က ချက်ချင်းဖတ်ပြီးရွေးလိုက်တယ်။ နက်ဖြန်ထွက်မယ့် သတင်းစာမှာပါမယ်ပေါ့။ ကလောင်သစ်လေးကလည်း အယ်ဒီတာချုပ်အခန်းက ထွက်လာကတည်းက ပျော်ပြီး တွေ့တဲ့အပေါင်းအသင်းတွေကို လက်ဖက်ရည်တိုက်တယ်။ နက်ဖြန် သတင်းစာမှာ သူ့ဆောင်းပါး ပါပြီပေါ့။
တကယ်တော့နောက်ရက် သတင်းစာထွက်တော့ သူ့ဆောင်းပါးမပါဘူး။ နာမည်ကျော် စာရေးဆရာ သတင်းစာဆရာကြီးရဲ့ဆောင်းပါးပဲပါတယ်။ အကြောင်းအရာကတော့ ကလောင်သစ်လေးရေးတဲ့ အကြောင်းအရာပဲပေါ့။ ဒီတော့ ကလောင်သစ်လေးက အယ်ဒီတာချုပ်ကိုစောဒကတက်တယ်။ သူ့ဆောင်းပါးကလည်း ဒီအကြောင်းအရာရေးတာပဲ။ ရွေးပြီးမှ ဘာလို့မသုံးတာလဲပေါ့။ ဒီတော့ အယ်ဒီတာချုပ် ဦးဝင်းတင်က “သတင်းစာဆိုတာ ကိုယ့်သတင်းစာကို လူများများဖတ်စေချင်တာပါ။ လူများများဖတ်မှ ကိုယ်ပြောချင်တာ ပိုမိုကျယ်ပြန့်ထိရောက်တာပေါ့။ ကိုရင်ကလည်း ဒီအကြောင်းအရာရေးတာပဲ။ ဟိုဆရာကြီးကလည်း ဒီအကြောင်းအရာရေးတာပဲ။ ဒါပေမယ့် ကိုရင့်ဆောင်းပါးကို လူ၅၀၀ပဲ ဖတ်မယ်ဆိုရင်၊ ဟိုဆရာကြီးကျတော့ လူငါးထောင်မက ဖတ်မှာပေါ့။ လူငါးသောင်းလည်းဖတ်မှာပေါ့။ ပိုပြီးအကျိုးမရှိပေဘူးလားလို့ ရှင်းပြသတဲ့။
ဒီတော့မှ ကလောင်သစ်လေးလည်း ကျေနပ်လက်ခံသွားပြီး၊ အယ်ဒီတာချုပ်ကိုကျေးဇူးတင်မဆုံးတဲ့။
#voiceofmyanmar #VOM #ဆူးငှက် #သတင်းစာဆရာ