ကျွန်းလှမှာ အုပ်ချုပ်ရေးမှူး အများစု အလုပ်တာဝန်ကနေ ထွက်စာတင်

အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၁
VOM
 
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်ထဲက ကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး တချို့ဟာ အခုလ ၁၅ ရက်နောက်ပိုင်းမှာ အလုပ်တာဝန်ကနေ နုတ်ထွက်တာ ၁၅ ဦးထက်မနည်း ရှိနေပြီလို့ ကျွန်းလှမြို့နယ် ထွေ/ အုပ် အသိုင်းအဝိုင်းထံက သိရပါတယ်။
 
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ အခုလို အလုပ်တာဝန်ကနေ နုတ်ထွက်တာနဲ့ ပတ်သက်လို့ ထွက်စာတင်ပြထားတဲ့ အုပ်စု အုပ်ချုပ်ရေးမှူး တစ်ယောက် ပြောတာက
 
” ကျွန်းလှမြို့နယ်စုပေါင်းအနီးက လက်ဘက်ရည်ဆိုင်ထဲကို အခုလ ၁ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ပေါက်ကွဲခဲ့တဲ့အတွက် တပ်မတော် အရာရှိ ၁ ဦး အပါအဝင် အရပ်သား အငြိမ်းစား ဝန်ထမ်းတချို့ သေဆုံးခဲ့တယ် ၊ သေဆုံးသူ ၃ ​ယောက်နဲ့ ဒဏ်ရာရသူ ၇ ယောက်ရှိခဲ့တာ ၊ ကျွန်းလှမြို့နယ် တခုလုံးကို အုပ်ချုပ်ရေး ယန္တယား ထိန်းချုပ်ထားတဲ့နေရာဖြစ်တဲ့ အဲ့ဒီလို စုပေါင်းရုံးနားမှာတောင် အခုလိုဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့လို လက်လှမ်းမမီတဲ့ အုပ်စု အုပ်ချုပ်ရေးမှူးတွေအနဲ့ အသက်အန္တရာယ် အရမ်းစိုးရိမ်ရတယ် ၊ မိသားစုအရေးနဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက်နေလို့ မိသားစုရဲ့ ဆန္ဒအရ ထွက်လိုက်ရတာ ” လို့ ပြောပါတယ်။
 
“အခုလ ၁၅ ရက်နောက်ပိုင်းက စလို့ နုတ်ထွက်စာ တင်ပြနေကြတာပါ ကျွန်တော်မှတ်မိသလောက် ပြောရမယ်ဆိုရင် ကျီကုန်းကျေးရွာအုပ်စုက ဦးတင်ဝေ ၊ ဝတောင်ယာဆိပ်ကျေးရွာအုပ်စုက ဦးကျော်လွင် ၊ အင်းကောင်းကျေးရွာအုပ်စုက ဦးစံရွှေမြင့် ၊ ကုက္ကိုကုန်းကျေးရွာအုပ်စု ဦးညွှန့်မောင် ၊ ရွာသီကျေးရွာအုပ်စုက ဦးသန်းနိုင်စိုး ၊ရှမ်းကုန်းကျေးရွာအုပ်စုက ဦးတင်ထွန်း၊ မန်ကျည်းအင်းကျေးရွာအုပ်စုက ဦးစိန်မြင့် ၊ လယ်လှကျေးရွာအုပ်စုက ဦးတင်ကိုဝင်း ၊ လွှတ်တိုက်ကျေးရွာအုပ်စုက ဦးကျော်တင် ၊ တင်ငုတ်ကြီးကျေးရွာ- အင်းကောင်းအုပ်စုက ဦးဌေးလှ နဲ့ ထိန်တောအုပ်စုက စာရေး (၁) ဦးဟန်မြင့်အောင် တို့ဖြစ်တယ် ” လို့ ထွက်စာတင်ပြထားတဲ့ အုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူက အခုလို ပြောပါတယ်။
 
စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက မြောင် ၊ ပုလဲ ၊ ယင်းမာပင် ၊ ချောင်းဦး ၊ တန့်ဆည် ၊ မုံရွာ ၊ ထီးချိုင့် ၊ ကောလင်း ၊ ပင်လည်ဘူး ၊ ကသာ စတဲ့မြို့နယ်တွေက အုပ်စု အုပ်ချုပ်ရေးမှူးတချို့ဟာ ပြီးခဲ့တဲ့ လတွေက အလုပ်တာဝန်ကနေ နုတ်ထွက်စာ တင်ပြထားတယ်လို့ သိရပါတယ်။
 
စစ်ကိုင်းတိုင်းထဲမှာ အခုနှစ် ဇူလိုင် ကစလို့ အောက်တိုဘာ ၂၃ အထိ နေ့စဥ် ညတိုင်း လိုလို ပေါက်ကွဲတာ ပစ်ခတ်တာတွေရှိနေပြီး
ပေါက်ကွဲမှုဖြစ်စဥ် အရေအတွက်ဟာ အကြိမ်ရေ ၇ ရာဝန်းကျင်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #VOM #ကျွန်းလှ #အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW