မုံရွာ ပြည်သူ့ဆေးရုံကြီးနား အထက ၂ ကျောင်းလမ်းမှာ မိုင်းပေါက်ကွဲလို့ ကလေး ၂ ယောက်သေဆုံး ၊ ၁ ယောက် ဒဏ်ရာရ

အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၁
VOM
 
စစ်ကိုင်းတိုင်း မုံရွာမြို့ ဒေါနခြံရပ်ကွက် အထက ၂ ကျောင်းလမ်း ပြည်သူ့ဆေးရုံကြီး တောင်ဘက် တိုင်းစိုက်ပျိုးရေးရုံးဝန်း မြောက်ဘက်မှာ ဒီကနေ့ အောက်တိုဘာ ၂၄ရက် မနက် ၈ နာရီက ချိန်ကိုက်မိုင်း ၁ လုံးပေါက်ကွဲပြီး ကလေး ၂ ယောက်သေဆုံးခဲ့တယ်လို့ ဒေါနခြံရပ်ကွက်နေ ဒေသခံတွေက ပြောပါတယ်။
 
” မနက် ၈ နာရီတိတိမှာ ချိန်ကိုက်ပေါက်ကွဲတာပါ ၊ အသက် ၁၀ နှစ်ဝန်းကျင် ​ ယောင်္ကျားလေး၂ ယောက် နေရာမှာတင် ပွဲချင်းပြီးသေတယ် ၊ နောက်ပြီး အသက် ၂ နှစ်ဝန်းကျင် ကလေး (ကျား) ၁ ယောက်က ခြေထောက် ပြတ်ရှဒဏ်ရာရပြီး အဲ့ဒီ ပေါက်ကွဲတဲ့နေရာနားမှာ တွေ့ရတာ ” လို့ သေဆုံး ကလေးတွေနဲ့ ဒဏ်ရာရ ကလေးကို သွားရောက် ကယ်ဆယ်ကူညီပေးခဲ့တဲ့ စေတနာ့ ဝန်ထမ်း တယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို လူမှုကယ်ဆယ်ရေး စေတနာ့ ဝန်ထမ်းတွေနဲ့ လူနာတင်ကားတွေရောက်လာပြီး ဒဏ်ရာရတဲ့ ကလေးနဲ့ သေဆုံးနေတဲ့ ကလေးတွေကို မုံရွာ ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ကူညီပေးနေတာ မြင်တွေ့ရပါတယ်။
 
” သေဆုံးတဲ့ ကလေး ၂ ယောက်နဲ့ ဒဏ်ရာရတဲ့ ကလေး ၁ ယောက်ဟာ ဘယ်က ကလေးတွေဆိုတာ အခု စုံစမ်းနေဆဲဖြစ်တယ် ၊ ဒီအနီးနားက ပြောတာတော့ အဲ့ဒီကလေးတွေက တောင်းရမ်းစားသောက်နေတာ မြင်ဖူးတယ်လို့ သိရတယ် ၊ အသေအချာစုံစမ်းနေတုန်း ” လို့ အဲ့ဒီ ပေါက်ကွဲတဲ့နေရာကို ရောက်ရှိနေတဲ့ ဒေါနခြံရပ်ကွက် လူကြီး တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ပေါက်ကွဲမှုကြောင့် စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဌာနဝန်းရဲ့ အုတ်တံတိုင်းဟာလည်း ပေ ၂၀ ဝန်းကျင်လောက် ပြိုလဲ ပျက်စီးသွားခဲဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်း အခုလ ၁၄ ရက်နေ့ မနက်ပိုင်းကလည်း မုံရွာမြို့ အလယ်ရပ်ကွက် မြို့လယ်မီးပွိုင့်နားမှာ အမှိုက်သိမ်းနေတဲ့ စည်ပင်နေ့စား ဝန်ထမ်း အသက် ၁၄ နှစ်အရွယ် ကလေး ၁ ယောက် အမှိုက်သိမ်းနေရင်း မိုင်းပေါက်ကွဲတာကြောင့် နေရာမှာတင် သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မုံရွာပေါက်ကွဲမှု
 
ပုံစာ ၊ ဒီမနက် မုံရွာ ပေါက်ကွဲမှု မြင်ကွင်းပုံ

Related posts

Leave a Comment

VOM News

FREE
VIEW