ကြံစိုက်ပျိုးမှုသမိုင်းမှာ စံချိန်တင်အမြင့်ဆုံးဈေးအဖြစ် ကြံ(၁)တန်ကို ကျပ် ၆သောင်းကျော် တောင်သူတွေရရှိလာ

အောက်တိုဘာ ၂၆-၂၀၂၁
SM(VOM)
 
ပြည်တွင်းလက်ကျန်သကြားတွေ နည်းပါးလာသလို သကြားဈေးတွေ မြင့်တက်နေတာကြောင့် ကြံစိုက်ပျိုးမှုသမိုင်းတလျှောင် စံချိန်တင်အမြင့်ဆုံးဈေးအဖြစ် ကြံတစ်တန်ကို ကျပ် ၆၀၀၀၀ ကျော်အထိ တောင်သူတွေရရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။
 
ပြည်တွင်း သကြားစက်တွေက ကြံဈေးနှုန်းသက်မှတ် ဝယ်ယူရာမှာ စက်တင်ဘာလအတွင်းက သကြားဈေးမြင့်တက်လာမှုနဲ့အတူ ဒေသအလိုက် ကြံတစ်တန်ကို ကျပ် ၅၀၀၀၀-၅၅၀၀၀ ဈေးကနေ အောက်တိုဘာလလယ်မှာ ကျပ် ၆၀၀၀၀အထိ တိုးမြင့်ပေးကာ ဝယ်ယူမှာဖြစ်တယ်လို့ ဂရိတ်ဝေါလ်-ဝေမာသကြားစက်နဲ့ ငွေရည်ပုလဲသကြားစက်ရုံတွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
 
ပြည်တွင်းသကြားဈေးပေါ်မူတည်ပြီး အမြင့်ဆုံး ကြံတစ်တန်ကို ကျပ် ၆၄၀၀၀ အထိ ပေးဝယ်မည်ဖြစ်ကြောင်း မောင်းကုန်းဒေသ ကနေ ဂရိတ်ဝေါလ်-ဝေမာ သကြားစက်ရုံက ထုတ်ပြန်ထားရာ သကြားတစ်ပိဿာ ကျပ် ၁၆၀၀ ကို အခြေခံပြီး ကြံတစ်တန်ကျပ် ၆၀၀၀၀ နဲ့ သကြားဈေး တစ်ပိဿာ ကျပ် ၁၈၀၀ အထိ ကြံတစ်တန် ကျပ် ၆၄၀၀၀ ထိ ပေးဝယ်မှာဖြစ်တယ်လို့ သိရပါတယ်။
 
” ကြံသီးနှံအနေနဲ့ အခြားသီးနှံတွေထက် ဈေးကွက်ကောင်းနေတယ်၊ ဂရိတ်ဝေါလ် စက်ရုံကပေးထားတဲ့ ကြံဈေးက မျှတပါတယ်။ သကြားဈေး တစ်ပိဿာ ကျပ် ၁၆၀၀ ကိုအခြေခံပေးထားတာ ကျပ် ၁၈၀၀ ဂိတ်ဆုံးပဲ၊ အဲဒီထက်ကျော်လည်း တက်မပေးတော့ဘူးပေါ့။သကြားဈေးအပေါ် သုံးသပ်ပြီးပေးထားတဲ့သဘောပါ။ လက်ရှိမှာတော့ သကြားဈေးက ကျပ် ၂၀၀၀ ပေါက်ဈေးဖြစ်နေပေမယ့် သကြားဈေးက အမှန်ဈေးကွက်လိုအပ်ချက်ကြောင့်ဖြစ်နေတဲ့ ဈေးမဟုတ်တော့ ဒီလိုတွက်ချက်ပေးပုံရပါတယ်။ လက်ရှိ တောင်သူတွေ ကြံတစ်တန် ကျပ် ၆၀၀၀၀ ၊အမြင့်ဆုံး ကျပ် ၆၄၀၀၀ ဈေးဆိုရင် တောင်သူတွေ ပျော်ကြမှာပါ။ ပြည်တွင်းမှာ ကြံတောင်သူတွေ ကြံစိုက်ပျိုးမှုသမိုင်းတစ်လျောက် နှစ် ၃၀-၄၀ အတွင်း အမြင့်ဆုံးစံချိန်တင်ဈေးပါ။”လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးဝင်းဌေးက ပြောပါတယ်။
 
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ငွေရည်ပုလဲသကြားစက်ရုံကလည်း စက်တင်ဘာလအတွင်းက ကြံတစ်တန် ကျပ် ၅၅၀၀၀အထိ တိုးမြင့်ပေးထားရာကနေ အောက်တိုဘာလအတွင်းမှာ ကြံတစ်တန်ကို ကျပ် ၆၀၀၀၀အထိ ထပ်မံတိုးမြင့်ဝယ်ယူဖို့ ထုတ်ပြန်လာတယ်လို့လည်း သိရပါတယ်။
 
မြန်မာပြည်က လက်ရှိစိုက်ပျိုးရေးသီးနှံတွေ ဈေးကွက်မှာ ကြံသီးနှံက အခြားသော စပါးစိုက်ပျိုးမှု ၊ပဲ၊နှမ်း စိုက်ပျိုးမှုသီးနှံတွေထက် ဈေးကွက်အကောင်းဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်နေတဲ့အပြင် ကြံစိုက်ပျိုးမှု ကွင်းဆက်တစ်ခုလုံးမှာ စိုက်ပျိုးပြီးချိန် ခုတ်သိမ်းခြင်း၊ စက်ရုံတွေကို သယ်ယူကြိတ်ဝါးခြင်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိနေတယ်လို့ သိရပါတယ်။
 
ပြည်တွင်း သကြားစက်ရုံတွေက ဒေသအလိုက် ကွင်းဈေး ၊စက်ရုံအရောက်ဈေးတွေထက် စက်ရုံအရောက်ဈေး သက်မှတ်ဝယ်ယူလေ့ရှိပေမယ့်လည်း ကြံတောင်သူတွေအနေနဲ့ မြန်မာတစ်နိုင်ငံလုံး စက်ရုံအရောက်ကြံဈေးနှုန်းကို တစ်ညီတည်းဖြစ်စေချင်တယ်လို့ တောင်သူတွေပြောပြချက်အရ သိရပါတယ်။
 
မောင်းကုန်းဒေသမှာ ပြည်တွင်းဂရိတ်ဝေါလ်ကုမ္ပဏီနဲ့ စင်ကာပူအခြေစိုက် ဝေမာကုမ္ပဏီတို့ အကျိုးတူလည်ပတ်လုပ်ကိုင်နေရာကနေ အကျိုးအမြတ်ခွဲဝေမှု ပြဿနာတွေ ရှင်းလင်းဆောင်ရွက်ဆဲဖြစ်တာကြောင့် အဲ့ဒီဒေသက ကြံစိုက်တောင်သူတွေကို ကြံစိုက်ပျိုးမှု ချေးငွေ မထုတ်ပေးတာဟာ ၂နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
 
အခုနှစ်မှာလည်း ချေးငွေထုတ်ပေးနိုင်ဖို့ မသေချာတာကြောင့် လာမယ့်နှစ်တွေအတွက် ကြံစိုက်ခင်းအသစ်များ စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း၊ လာမယ့်နှစ် ကြံတစ်တန် ကျပ် ၆၀၀၀၀ ဖြစ်လာသော်လည်း အခြားကုန်ဈေးနှုန်းတွေတက်လာတာကြောင့် ဈေးသင့်ရုံမျှသာဖြစ်ကြောင်း ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာမှ ကြံကိုယ်စားလှယ် ဦးချိုတူးက ပြောပါတယ်။
 
“ ကြံဈေးကောင်းလာတော့ ဝမ်းသာစရာပါ။မောင်းကုန်းဒေသက သကြားစက်ရုံက ကြံတန်ချိန် ၁၄သိန်း၊၁၁သိန်းထိ ကြိတ်ဝါးလည်ပတ်ခဲ့တယ်။ ဒီနှစ် ကြံတန်ချိန် ၈သိန်းလောက်လည်ပတ်တယ်။လာမယ့်နှစ် ကြံတန်ချိန် ၆ သိန်းကျော်လောက်ပဲ လည်နိုင်မယ်လို့ခန့်မှန်းတယ်။လက်ရှိမှာ ကုမ္ပဏီ၂ခု ပြဿနာတက်နေတာနဲ့ ကြံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်မပေးနိုင်တာ ၂ နှစ်ရှိပြီ။ဒီနှစ်လည်း နိုဝင်ဘာ ၊ဒီဇင်ဘာ ၂လတော့ကျန်သေးတယ်။ ဒီကြားထဲ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးမှ တောင်သူတွေ အဆင်ပြေမယ်။ မနှစ်ကလည်း စိုက်ပျိုးစရိတ် ထုတ်မချေးခဲ့တော့ စက်ရုံလည်း တန်ချိန်ပြည့်ဝအောင် မလည်ပတ်နိုင်တော့ စက်ရုံရော တောင်သူရော နစ်နာတာပါ။ကြံဈေး တစ်တန်ကျပ် ၆၀၀၀၀ ဆိုတာကတော့ တစ်ခါမှ မရဘူးတော့ပျော်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီနှစ်ခု ရန်ဖြစ်နေတော့ စိုက်ပျိုးစရိတ်က မျှော်လင့်ချက်မရှိတော့ဘူး။ဒီလိုစိုက်ပျိုးစရိတ်ထုတ်မပေးတော့ ကြံစိုက်ဧက လျော့ကျလာတယ်” လို့ ဦးချိုတူးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ကြံရာသီအကုန်မှာ မြန်မာတစ်နိုင်ငံလုံး သကြားတန်ချိန် လေးသိန်းကျော်သာ ထုတ်လုပ်နိုင်ခဲ့သဖြင့် ယခင်နှစ်ထက် တန်ချိန် တစ်သိန်းကျော် လျော့ကျခဲ့တာလည်းဖြစ်ပါတယ်။
 
လက်ရှိကြံဈေးနှုန်းကောင်းမွန်လာတဲ့အတွက် ကြံစိုက်ပျိုးမှု တိုးတက်လာနိုင်ပြီး နောက်နှစ်တွေမှာ သကြားထုတ်လုပ်မှု ပြန်လည်မြင့်တက်လာနိုင်တယ်လို့ သကြား လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။
 
လက်ရှိပြည်တွင်းသကြားဈေးကွက်မှာ စက်တင်ဘာ လအတွင်းက ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ တစ်ပိဿာကို ကျပ် ၂၀၀၀ အထိ စံချိန်တင်မြင့်တက်လာခဲ့ပြီး ပြည်တွင်းရှိ လက်ကျန်သကြားနည်းပါးလာတာကြောင့် အောက်တိုဘာအတွင်း ဒေါ်လာ ဈေးကျဆင်းသွားသော်လည်း ယနေ့အထိ ဈေးကျဆင်းမှုမရှိဘဲ တည်ငြိမ်နေတယ်လို့ မန္တလေးသကြားဒိုင် ပေါက်ဈေးအရ သိရပါတယ်။
 
#voiceofmyanmar #VOM #သကြား #စံချိန်တင်ဈေးနူန်း

Related posts

Leave a Comment

VOM News

FREE
VIEW