တရုတ်ဘက်က ကျူးကျော်ထားတဲ့ နယ်ခြားစည်းရိုးကို မြန်မာဘက်ကဒေသခံတွေ ပြန်ဖျက်ပစ်

အောက်တိုဘာ ၂၆-၂၀၂၁
Shy V(VOM)
 
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်၊ မူဆယ်မြို့နယ်၊ ပန်ခမ်းရွာဘက်မှာ တရုတ်ဘက်ကနေက်ု မြန်မာဘက် နယ်နိမိတ် ကျူးကျော်ထားတဲ့ နယ်ခြားစည်းရိုးကို မနေ့အောက်တိုဘာ ၂၅ ရက်နေ့က ဒေသခံတွေ ပြန်ဖျက်ပစ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ဒီနေ့ကတော့ ပန်ခမ်းကျေးရွာ တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုး မြန်မာပြည်ထဲမှာ ဝင်လာတာ။ နယ်နိမိတ်ကျူးကျော်တာ၊ ကျွန်တော်တို့ ရွာသူရွာသားတွေ ပြန်လာဖျက်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
 
မူဆယ်၊ နမ့်ခမ်း တဘက်ကမ်းက ရွာပေါင်း ၁၉ ရွာက အခုလို တရုတ်ဘက်က နယ်နိမိတ်ကျူးကျော်ကာ စည်းရိုးကာရံတာတွေကို လက်မခံတဲ့အပြင် မကြာခဏ ပြန်ဖျက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
 
“ငါတို့မြေမှာ တရုတ်တွေ ခြံစည်းရိုးလာဆောက်တာ။ ငါတို့နယ်မြေမှာ ဘယ်သူ့မှ ဆောက်ခွင့်မပေးဘူး။ ငါတို့ မြေ ငါတို့ ကာကွယ်သွားမယ်”လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။
 
မူဆယ်ကနေ နမ့်ခမ်းဘက်အထွက် တရုတ် – မြန်မာ နယ်စပ် ခိုးဝင်ပေါက်ရှိတဲ့နေရာဘက်ခြမ်း မူဆယ်နဲ့ ကပ်လျက် တံတားရှိတဲ့နေရာတကျောလုံးဟာ ပန်ခမ်းရွာဖြစ်ကြောင်း နမ့်ခမ်းမြို့ခံ ၁ ဦး ကပြောပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက် ဝန်းကျင်ကလည်း နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာဘက်မှာ တရုတ်ဘက်က နယ်မြေကျူးကျော်ကာ နယ်ခြားစည်းရိုး ထပ်မံ ခတ်ခဲ့ကြောင်းနဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ၊ ဟက်ဟင်ရွာဘက်မှာ တရုတ်ဘက်က နယ်ကျွံ စည်းရိုးကာယူထားတာကြောင့် ရွာခံတွေ ဆန္ဒပြကာ စည်းရိုးတွေကို ပြန်ဖျက်ခဲ့ကြတာလည်း ရှိခဲ့ပါတယ်။
 
ကြူကုတ် (ပန်ဆိုင်း)မြို့နယ်၊ မန့်မိုင်ရပ်မှာလည်း အောက်တိုဘာလလယ်ပိုင်းခန့်ကစတင်ကာ တရုတ်ဘက်က နယ်နိမိတ်ကျူးကျော် စည်းရိုးခတ်ယူခဲ့တာဖြစ်ပြီး နယ်မြေကျူးကျော် ခြံစည်းရိုးခတ်တာကို ဒေသခံတွေ သဘောမတူပါက မြန်မာဘက်က ကြံတွေကို ဝယ်ယူမှာမဟုတ်ကြောင်း တရုတ်ဘက်က ဖိအားပေး ခြိမ်းခြောက် ပြောဆိုလာတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
တရုတ်ဘက်က COVID-19 အကြောင်းပြကာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်နိမိတ် တော်တော်များများမှာ နယ်ခြားစည်းရိုး နယ်ကျွံကာယူမှုတွေ ပိုမိုများပြားလာနေပြီး အခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း တရုတ်ဘက်က နယ်စပ်ဒေသတွေမှာ နယ်မြေကျူးကျော်ကာ နယ်ခြားစည်းရိုးခတ်တာကို ပိုမိုတိုးချဲ့လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
Photo- CJ
#voiceofmyanmar #VOM #နယ်စပ် #တရုတ#မြန်မာဒေသခံတွေဖျက်

Related posts

Leave a Comment

VOM News

FREE
VIEW