မုံရွာ စက်မှုဇုန်ထဲမှာ ရဲအရာရှိ ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေနတ် ၂ လက် ပျောက်ဆုံးနေ

အောက်တိုဘာ ၊ ၂၆ -၂၀၂၁
VOM
 
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်၊ သမစိတ္တလမ်းနဲ့ စွယ်တော်လမ်းဆုံအနီးမှာ ဒီကနေ့ မနက် အစောပိုင်းက ရဲအရာရှိ ၂ ယောက် သေနတ်နဲ့ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်ထားတဲ့ သေနတ် ၂ လက် ပျောက်ဆုံးခဲ့တယ်လို့ စက်မှုဇုန်ရပ်ကွက်မှာနေတဲ့ ဒေသခံတွေက ပြောပါတယ်။
 
မုံရွာနယ်မြေရဲစခန်း ( စက်မှုဇုန် စခန်း)နဲ့ နီးစပ်သူတယောက်က ” စက်မှုဇုန်ထဲမှာ ပစ်သတ်ခံရလို့သေတာက
မြဝတီရဲကင်းမှာ တာဝန်ကျနေတဲ့ စက်မှုဇုန် ရဲစခန်းက ဗိုလ်လေး (ဒုရဲအုပ်) ဝင်းကျော်မျိုး နဲ့ ရဲတပ်ရင်း ၃၅ က ဒုရဲအုပ် ဗိုလ်လေး မျိုးမင်းသန့် တို့ ၂ ယောက်ဖြစ်တယ် ၊ သူတို့ ကိုင်ဆောင်တဲ့ ခြောက်လုံးပြူး သေနတ် ၂ လက်ကတော့ အခုထိ ရှာမတွေ့သေးဘူး ၊ ကျည်ဆံတွေရော ပျောက်နေတယ်လို့ ကြားရတယ် “လို့ ပြောပါတယ်။
 
အဲ့ဒီ ရဲ၂ ယောက် ပစ်သတ်ခံရတဲ့ ပတ်ဝန်းကျင်ဟာ KTV ဆိုင်တွေရှိတဲ့အတွက် အခုလို ပစ်ခတ်မှုဖြစ်တာကို ဘေးအနီးဝန်းကျင် လူတွေက မသိလိုက်ဘူးလို့ ပြောပါတယ်။
 
” ဒီမနက် မိုးလင်းမှ သိရတာပါ ၊ ညက ဆိုင်ကယ်စီးပြီး အရပ်ဝတ်နဲ့လာတဲ့ ၂ ယောက်လို့ ပြောနေကြတယ် ၊ အခု လုံခြုံရေးတွေ တင်းကြပ်ထားပြီး စစ်ဆေးတာတွေ လုပ်နေတယ် ၊ အလောင်းတွေကိုတော့ မုံရွာ လူမှုကူညီရေးကားတွေနဲ့ အခုသယ်သွားတယ်” လို့ စက်မှုဇုန် ဒေသခံတယောက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၂၅ ရက် ညပိုင်းကလည်း မုံရွာခရိုင်မှာ တာဝန်ကျတဲ့ ပုလဲမြို့မရဲစခန်းက နယ်ထိန်း ရဲတပ်သား ၁ ယောက်နဲ့ ခင်ဦးမြို့မရဲစခန်းက နယ်ထိန်း ရဲတပ်သား ၁ ယောက်တို့ဟာ အခု ဒုရဲအုပ် ၂ ယောက် ပစ်သတ်ခံရတဲ့ စက်မှုဇုန်ရပ်ကွက်ထဲမှာပဲ အသတ်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
” စက်မှုဇုန်ထဲမှာ ရဲတွေသတ်ခံရတာ ဒါရောဆို ၂ ကြိမ်ရှိတယ် ၊ သေဆုံးတာက ရဲ ၄ ယောက်ပေါ့ ” လို့ မုံရွာမြို့ခံ တယောက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းကလည်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့ကားတန်းဟာ အခု ရဲအရာရှိ ၂ ယောက် အသတ်ခံရတဲ့ စက်မှုဇုန်ရပ်ကွက်ထဲမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ၂ ဘက် အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါသေးတယ်။
 
စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ လထဲမှာပဲ တန့်ဆည်က ရဲ ၂ ယောက်၊ ကသာ ယာဥ်ထိန်းရဲ ၂ ယောက် ၊ မုံရွာ ယာဥ်ထိန်းရဲ ၁ ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး မုံရွာ Mytelရုံး ကင်းစောင့်ကျ ရဲကတော့ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
 
ဒါ့အပြင် မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ် ၁ ယောက်ကတော့ မုံရွာ-မန္တလေး ကားလမ်းဘေးက ဘီယာဆိုင်ထဲမှာ သေနတ်နဲ့ အပစ်ခံရပေမယ့်အသက်သေဆုံးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
 
ပုံစာ -ရဲအရာရှိ ၂ယောက်သေဆုံးနေတာကို ဒီမနက်မြင်ရပုံ
#voiceofmyanmar #VOM #မုံရွာ #ရဲနှစ်ဦး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW