ဖမ်းဆီးခံ သတင်းသမားတွေကို လွတ်မြာက်ခွင့်ပေးပါ

နိုဝင်ဘာ-၂၃-၂၀၂၁
GH ( VOM )
 
မြန်မာပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေနောက်က နစက အာဏာယူပြီးချိန်ကစလို့ ခုချိန်ထိဖမ်းဆီးခံထားရတဲ့ ပြည်တွင်းသတင်းထောက် ၄၀ နီးပါး ရှိနေဆဲဖြစ်ပါတယ်။
 
ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေထဲမှာ ၅၀၅ -ကနဲ့ တရားစွဲဆိုခံထားရသူတွေရှိသလို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ပါစွဲဆိုခံထားရသူတွေရှိနေပါတယ်။
 
အထက်ပါ ဥပဒေပုဒ်မ၂ခုအပါမဝင် ပုဒ်မပေါင်း ၅ ခုနဲ့စွဲဆိုခံထားရတဲ့ အမေရိကန်သတင်းသမားDanny Fenster ကိုတော့ ထောင် ၁၁ နှစ်ချမှတ်ပြီးမှ နိုဝငင်ဘာလ ၁၅ ရက်နေ့က ပြည်နှင်ဒဏ်ပေးကာ လွှတ်ပေးခဲ့ပါတယ်။
ဒါ့ကြောင့် ဖမ်းဆီးခံပြည်တွင်းသတင်းထောက်တွေကိုလည်း သေချာစစ်ဆေးပြီး နိုင်ငံခြားသတင်းထောက်တွေနည်းတူ ပြန်လွှတ်ပေးသင့်တယ်လို့ ရှေ့နေအသိုင်းဝိုင်းနဲ့ သ တင်းသမားအသိုင်းအဝိုင်းကပြောဆိုကြပါတယ်။
 
“သူက တရားစွဲဆိုတဲ့အမှုတိုင်းမှာသူမလုပ်တော့တဲ့သတင်းဌာနကအယ်ဒီတာပါဆိုပြီးစွဲတာ။အဲ့တော့သတင်းဌာနကလုပ်တဲ့ဟာမှန်သမျှသည် သူ့မှာတာဝန်ရှိတယ်ဆိုပြီးဖမ်းတာ။ဒီဟာသည်အစောကြီးထဲကမဖမ်းသင့်တဲ့ကိစ္စ၊ဖမ်းဆီးစစ်ဆေးဆဲကာလမှာတင် အဖြေတခုထွက်ပြီးပြန်လွတ်ပေးရမှာ။ပြောရမယ်ဆိုရင် အနည်းဆုံး ၅လ အချုပ်ခံလိုက်ရတာသူ့အတွက်တော်တော်နာသွားတယ်။သူမလုပ်တဲ့သတင်းကိစ္စတွေအတွက်သူ့ကိုဖမ်းတာ။ကျန်တဲ့သူတွေ သတင်းထောက်တွေဖမ်းထားတာ ရှိတယ်လို့လည်းသိရတယ်၊သို့သော် ဒီလူတွေလည်း သတင်းကိစ္စနဲ့ပတ်သက်ပြီး right to information ၊ right in information လုပ်ရင်းနဲ့ဖမ်းခံရတာဆိုရင်တော့ပြန်လွှတ်ပေးသင့်တယ်။ဘာကြောင့်ဖမ်းတယ်ဆိုတာတော့တရားစွဲအဖွဲ့အစည်းကပဲသိမယ်။ ” လို့ danny fenster ရဲ့ရှေ့နေက သုံးသပ်ပြောဆိုပါတယ်။
 
ဒီလိုအလားတူပဲ စစ်ကိုင်းအခြေစိုက် ဇေယျာတိုင်းမ်သတင်းပေချ်မှာ သတင်းတင်ဆက်မှုပိုင်းကို သက်ဆိုင်ရာက မကျေနပ်လို့ ဇေယျာတိုင်းမ်က သတင်းသမားတွေကို ဖမ်းတဲ့အချိန်မှာ တချိန်က အယ်ဒီတာအဖွဲ့အဖြစ်ပါလို့ဆိုပြီး အလုပ်မလုပ်တော့တဲ့ ကိုပြည့်ဖြိုးအောင်ကို ရွှေဘိုထောင်မှာ ဖမ်းထားတာ ရက် ၄၀ ကျော်ပြီဖြစ်ပါတယ်။
 
အရင်အစဉ်အဆက်ထဲက နိုင်ငံခြားသားသတင်းထောက်တွေထက် ပြည်တွင်းကသတင်းသမားတွေက ပိုပြီး ဖိနှိပ်ခံနေရကြောင်း ၊ သတင်းသမား တွေကိုဖမ်းဆီးနေမှုဟာ သတင်းရှု့ထောင့်ကမဟုတ်ပဲ နိုင်ငံ ရေးရှုထောင့်ကနေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဝါရင့်သတင်းစာဆရာတဦးကဆိုပါတယ်။
 
” အမေရိကန်သတင်းသမားနဂိုထဲကတချိန်ကျရင် လွတ်မယ်လို့မှန်းဆထားပြီးသား။ဘာလို့ဆိုသူ့ ရှေ့မှာ ဂျပန်သတင်းထောက် ၊ ထောင် ၁၁ နှစ်ချပြီး၃ရက်နဲ့ပြန်လွှတ်တော့ရှေ့နောက်မညီဘူးဖြစ်တာပေါ့။နိုင်ငံခြားသားဖြစ်နေလို့ပြည်တွင်းလောက် ဖိအားပေးခံရတာမရှိဘူး။ပြည်တွင်းကလူတွေကတော့နှစ်ဆ၊သုံးဆလောက်ဖိအားတွေခံရတာပေါ့၊သတင်းရှုထောင့်ကမဟုတ်ပဲနိုင် ငံရေး ရှု့ထောင့်ကလုပ်နေတာပေါ့။သတင်းထောက်တွေကိုသတင်းမရေးသားနိုင်အောင်လုပ်တယ်ဆိုတာတော့အငြင်းပွားစရာမလိုအောင်ရှင်းတယ်ပေါ့။သတင်းထောက်တွေကိုပစ်မှတ် ထားပြီးဖမ်းတယ်၊တချို့ဆို တပတ်နှစ်ပတ်လောက်ဖမ်းထားပြီးပြန်လွှတ်လာရင်သတင်းမလုပ်ရဲတော့ဘူး။ သူတို့ရည်ရွယ်ချက်အောင်မြင်တာပေါ့။အောက်တိုဘာတုန်းကလွှတ်ထားတော့ ခုကာလတော့ သတင်းသမား တွေပြန်လွတ်မယ်လို့မထင်ဘူး ” လို့ အမည်မဖော်လိုသူ ဝါရင့်သတင်းစာဆရာကပြောပါတယ်။
 
သတင်းသမားဖမ်းဆီးမှုတွေ ၊သတင်းတိုက်တွေပိတ်သိမ်းခဲ့တာတွေကြောင့် သတင်းမီဒီယာ လွတ်လတ်ခွင့်ဆုံးရှုံးနေရပြီး သတင်းတင်ဆက်မှုကဏ္ဏအပေါ် များစွာထိခိုက်ကာ သတင်းရယူမှုအပိုင်း၊ သတင်းရေးသားမှုအပိုင်း၊ သတင်းသမားလုံခြုံရေးဆိုင်ရာ အခက်အခဲတွေကို သတင်းသမားအားလုံး ရင်ဆိုင်နေကြရပါတယ်။
 
မြေပြင်ကွင်းဆင်းသတင်းရယူဖို့ အခြေအနေခက်ခဲခြင်း၊ သတင်းသမားလုံခြုံရေးစိတ်ချရ မှုအာမခံမရှိခြင်း၊ အချိန်မရွေးဖမ်းဆီးခံရနိုင်ခြင်း စတဲ့အခက်အခဲတွေက ကြီးမားတဲ့စိန်ခေါ်မှုတရပ်ဖြစ်နေပါတယ်။
 
“နိုင်ငံခြားသားကိုထောင်ချပြီးမှလွှတ်ပေးတာကသူတို့အတွက်ပိုပြီးအရှက်ရစေတာပေါ့။ထောင်ချထားပေမယ့်လည်း လွှတ်ချင်ရင်လွှတ်လို့ရတဲ့သဘောပေါ့။အဲ့ဒီတော့ ဒီနိုင်ငံခြားသတင်းထောက်ကိုလွှတ်ပြီးပြည်တွင်းသတင်ထောက်တွေကျဘာလို့လွှတ်မပေးတာလဲပေါ့။လွှတ်ပေးချင်ရင်လွှတ်ပေးလို့ရတယ်၊ဥပဒေကအရှင်ဖြစ်နေတာပေါ့။ပြည်တွင်း မှာသတင်းရေးဖို့အခက်အခဲဖြစ်နေတယ်။မိသားစုရော အိုးအိမ်ရော လုံခြုံစိတ်ချရမှုမရှိဘူး။ ” လို့ ဖမ်းဆီးခံရပြီး မကြာခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ DVB သတင်းထောက် ကိုမင်းညိုက ပြောပါတယ်။
 
ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လက်ရှိအထိ DVB ၊ Mizzima ၊ Khit Thit သတင်းဌာန အပါအဝင် သတင်းတိုက် တချို့ကို ပိတ်သိမ်းထားပြီး အလွတ်တန်းသတင်းထောက် တွေအပါအဝင် တိုက်ပိုင်သတင်းထောက်တွေ၊ အယ်ဒီတာတွေ အားလုံးပေါင်း ၄၀ လောက်ဟာ ခုထိ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
 
ဒါ့ကြောင့် အမှုဖွင့်ခံထားရတဲ့ သတင်းသမားနဲ့ သတင်းသမားအများစုဟာ နေအိမ်က နေတိမ်းရှောင်နေရသူတွေရှိသလို၊ ပြည်ပကိုတိမ်းရှောင်သွားတဲ့ သတင်းသမားတွေလည်း ရှိနေပေမယ့် ပြည်တွင်းမှာပဲ နေပြီးသတင်းဖော်ပြနေတဲ့ မီဒီယာတွေလည်းရှိနေပါတယ်။
 
ပြည်တွင်းမှာပဲနေထိုင်ပြီး သတင်းရေးသားဖော်ပြနေရတဲ့ သတင်းတိုက်တွေကတော့ လွတ်မြောက်နယ်မြေကနေ သတင်းတင်ဆက်နေတဲ့ သတင်းတိုက်တွေရဲ့ ဖော်ပြပုံ ကွာခြားမှုက အရေးအသားပိုင်းဆိုင်ရာမှာ သတိကြီးကြီးထားပြီး ရေးသား တင်ဆက်နေကြရတာပဲဖြစ်ပါတယ်။
 
ဒါကြောင့် တချို့သောပြည်တွင်းမီဒီယာတွေက သတင်းထောက်လုံခြုံရေးအတွက် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုနဲ့ပတ်သက်တဲ့သတင်းတွေကို မဖော်ပြတော့ ပဲ စီးပွားရေး၊လှုမှုရေးဆိုင်ရာ သတင်းတွေကိုပဲ အဓိကရေးသားတင်ဆင်နေကြပါတယ်။
 
ဖမ်းဆီးခံရတဲ့သတင်းသမားတွေထဲမှာမှ ပြန်လွတ်လာသူတွေလည်းရှိသလို ပြန်လွတ်လာပြီးမှ ထပ်မံဖမ်းဆီးခံရသူတွေလည်းရှိပါတယ် ၊ နောက်ထပ်ဖမ်းဆီးခံလိုက်ရတဲ့သတင်းသမားတွေလည်းရှိနေတယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #သတင်းလွတ်လပ်ခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW