ကွတ်ခိုင်မြို့နယ် ပြည့်သူ့ဆေးရုံအုပ် သေနတ်နဲ့ပစ်သတ်ခံရ

ဒီဇင်ဘာ ၁၅-၂၀၂၁
Shy V (VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်ဟာ မနေ့ ဒီဇင်ဘာ ၁၄ ရက် ည ၇ နာရီဝန်းကျင်ခန့်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
 
ဒီဇင်ဘာ ၁၄ ရက်နေ့က တာမိုးညဲနဲ့ မုံးစီးဘက်ကို ကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ရာကနေ ပြန်လာတဲ့လမ်း မော်ဟန်ရွာနဲ့ ကွတ်ခိုင်ကြား နောင်ချိုရွာနားမှာ ကားတားပြီး ပစ်သတ်ခံရတာဖြစ်တယ်လို့ သ်ိရပါတယ်။
 
“ကားပေါ်က ဆင်းခိုင်းတယ်။ ဒူးထောက်ခိုင်းပြီး ခေါင်းငုံ့ခိုင်းထားတယ်။ သူ့ကိုပဲ ပစ်သွားတာ ကျန်တဲ့ သူတွေကို မော်ဟန်ဘက် ကားရော လူရော ပြန်လှည့်ခိုင်းတယ်။” လို့ အမည်မဖော်လိုသူ ၁ ဦးက ပြောပါတယ်။
 
သေဆုံးသွားသူ ဒေါက်တာဝင့်ဝင့်မြိုင်အပါအဝင် ကားသမား ၁ ဦးနဲ့ ဝန်ထမ်း ၃ ဦး စုစုပေါင်း ၅ ဦး အတူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
သေဆုံးသွားတဲ့ ဆေးရုံအုပ်ဟာ ဦးခေါင်း ကြွေမွသွားပြီး ခန္ဓာကိုယ်မှာလည်း သေနတ်ဒဏ်ရာ ၅ ချက်လောက်တွေ့‌ ရတယ်လို့ ကူညီပေးခဲ့သူ ၁ ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
 
“လက်ရှိအချိန်ထိ ဆေးရုံအုပ်ကို ဘယ်သူက လာပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူး၊ အခင်းဖြစ်ပွားပြီးနောက် အဲဒီနေရာကို လူမှုကူညီရေးအသင်းတွေကိုတောင် အဝင်မခံခဲ့လို့ ပြန်လှည့်လာရတယ်၊ ပရဟိတ ၃ ဖွဲ့ အပါအဝင် လူမှုကူညီရေးအဖွဲ့စုံနဲ့ သွားရောက် သယ်ယူခဲ့ရတယ်၊ အလောင်းကတော့ လမ်းမှာထားခဲ့တာ။ ကျန်တဲ့လူတွေကို ပြန်လှည့်ခိုင်းတယ် ပြောတယ်။ ည သန်းခေါင်ကျော်မှ ပြန်ဝင်လို့ရသွားပြီးမှ အလောင်းကောက်နိုင်တာ။ မနက် ၂ နာရီ ခွဲ လောက်မှ ရောက်တယ်။” လို့ သူက ပြောပါတယ်။
 
ရုပ်အလောင်းကိုတော့ ကွတ်ခိုင် ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ကူညီပို့ဆောင်ထားပေးခဲ့ရတယ်လို့ အကူအညီပေးခဲ့သူတွေဆီက သိရပါတယ်။
 
အသက် ၅၀ ခန့်ရှိ ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်ဟာ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်တာ နှစ် ၂၀ ကြာပြီဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
Photo – CJ
#voiceofmyanmar #VOM #ကွတ်ခိုင် #ဆေးရုံအုပ#ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW