တရုတ်-မြန်မာနယ်စပ်မှာ ယွမ် ၊ကျပ် တိုက်ရိုက်ပေးချေခွင့်ပြုလိုက်သလို ၊နယ်စပ်ဂိတ်တွေလည်း ပြန်ဖွင့်ဖို့လိုအပ်

ဒီဇင်ဘာ ၁၅-၂၀၂၁
Shy V + GH (VOM )
 
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်တဲ့အခါ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ငွေပေးချေခွင့်ပြုလိုက်ကြောင်း မနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်ပါတယ်။
 
အခုလို နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်တာဟာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေနိုင်ဖို့၊ နှစ်နိုင်ငံငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေဖို့အပါအဝင် ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
အခုလိုခွင့်ပြုလိုက်ပေမယ့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေထဲမှာက ကျင်စန်းကျော့ဂိတ်တခုသာ ပြန်ဖွင့်ပြီး ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ တင်ပို့ခွင့်ရရှိနေသေးတာကြောင့် နှစ်နိုင်ငံကုန်သွယ်ခွင့်က နှေးကွေးနေပြီး ကြန့်ကြာမှုတွေရှိနေသေးတဲ့အတွက် နယ်စပ်ဂိတ်အားလုံးပြန်ဖွင့်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။
 
” ယွမ် ကျပ်တိုက်ရိုက်အသုံးပြူခွင့်ပေးတာကတော့ ကောင်းတယ်။အဲ့လိုပဲ နယ်စပ်ဂိတ်တွေလည်းပြန်ဖွင့်စေချင်ပြီ၊ဒါမှ အားလုံးကအဆင်ပြေမယ်၊အဲ့လိုမဟုတ်ဘဲ တခုထဲကွက်လုပ်နေလို့အဆင်မပြေဘူး ” လို့ ကုန်သည်တဦးကပြောပါတယ်။
 
မြန်မာလုပ်ငန်းရှင်တဦးကတော့ ” အမေရိကန်ဒေါ်လာ လဲလှယ်ပြီး လုပ်ဆောင်နေရတဲ့ အခြေအနေကိုကျော်လွန်ပြီး ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှု ဆောင်ရွက်ခွင့်ပြုလိုက်တဲ့အပေါ် တရုတ်ကို ပြည်တွင်းထွက်ပစ္စည်းတွေတင်ပို့နေတဲ့မြန်မာလုပ်ငန်းရှင်တွေက ကြိုဆိုတယ်၊ တရုတ်မှာရောင်းရတဲ့ဆန်က ယွမ်ပဲရတာ။ အဲ့ဒါကို အမေရိကန်ဒေါ်လာ လဲရတယ်၊ အဆင့်ဆင့် ပြန်လုပ်ရတာပေါ့။ အခုကျ တရုတ်က ယွမ်ငွေနဲ့ပေးတယ် ၊အဲ့ဒါကိုပဲ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုခွင့်ပြုတော့ အခုက ပိုပြီးတော့ အဆင်ပြေတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း ပိုပြီးတိုးတက်လာမယ်လို့ ​မျှော်လင့်တယ်။ အမေရိကန် ဒေါ်လာကို ရိုက်ချိုးလိုက်တာပေါ့။ အသုံးနည်းအောင်လုပ်လိုက်တာ၊ ဒေါ်လာစျေးတက်နေတယ်”လို့ ပြောပါတယ်။
 
ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကိုတော့ ဆောင်ရွက်ခွင့်ရတဲ့ Designated Bank တွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်နဲ့ ချိတ်ဆက်ပြီး Bank of China – BOC (Hong Kong) ရန်ကုန်ရုံးခွဲနဲ့ Industrial and Commercial Bank of China (ICBO) တို့မှာ နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မယ့် သွင်းကုန်တင်သွင်းသူတွေနဲ့ပို့ကုန်တင်ပိုသူတွေရဲ့ ယွမ်စာရင်းဖွင့်ခွင့်ပြုထားပါတယ်။
 
တရုတ်ယွမ်ငွေကို တရားဝင်ရောင်းချခွင့်ပြုကြောင်းကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဗဟိုဘဏ်က ကြေညာခဲ့တာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #နယ်စပ်ဂိတ် #ယွမ်ကျပ် #တိုက်ရိုက်ပေးချေခွင့်ပြု #ဂိတ်တွေပြန်ဖွင့်ဖို့လို

Related posts

Leave a Comment

VOM News

FREE
VIEW