ပင်လည်ဘူးနယ်ကိုသွားတဲ့ကားတစီး လမ်းမှာမိုင်းနင်းမိလို့ လူ ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၅ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဝန်ကြီးကျေးရွာအုပ်စု ၊ ၈ မိုင်ရပ်အနီး ဝန်းသို ပင်လည်ဘူးကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ကား ၁ စီး မိုင်းနင်းမိပေါက်ကွဲလို့ ကားပေါ်ပါ ခရီးသည် လူ ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဝန်းသိုဆေးရုံအသိုင်းအဝိုင်းဆီက သိရပါတယ်။
 
” မိုင်းနင်းမိတဲ့ကားက ပင်လည်ဘူးနယ်ဘက်ကို စပါးသွားဝယ်မယ့် ကားဖြစ်တယ် ၊ ဝန်းသိုမြို့စော်ဘွားကြီးရပ်က ကိုစိုးမိုးဝင်း ၊ ဒေါ်ဇာခြည် ၊ ဝန်းသိုမြို့နယ် အာမခံကျေးရွာ ကိုအောင်အောင် ၊ စောအောင်ဆန်း၊ ဦးစိုးသူရ တို့ ၅ ယောက် ပြင်းထန်ဒဏ်ရာရတယ် ၊ အဲ့ဒီ လူနာ ၅ ယောက်ထဲက ၂ ယောက်လောက်က အသက်အန္တရာယ် စိုးရိမ်ရတယ် ” လို့ နယ်ခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီနေရာဝန်းကျင်က ဗိုက်ကြီးသည်မ ချောင်းတံတားမှာ ပြီးခဲ့တဲ့ ၂ လဝန်းကျင်ကလည်း မိုင်းပေါက်ကွဲလို့ လူ ၂ ယောက်သေဆုံးခဲ့ပါသေးတယ် ။
 
အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ မိုင်းစထိမှန်ပြီး လူသေဆုံးတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်နေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် ညဦးပိုင်းကလည်း တန့်ဆည်မြို့နယ်ရဲတွေဟာ ၉ လောင်းပြိုင် လူသတ်မှုက အလောင်းတွေကောက်ယူပြီး အပြန်လမ်းမှာ မိုင်းစထိမှန်တဲ့အတွက် ရဲ ၂ ယောက် သေဆုံးကာ ရဲ ၅ ယောက် ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ ဆားလင်းကြီးမြို့နယ် ၊ မြောင်မြို့နယ်နဲ့ တန့်ဆည်မြို့နယ်တွေမှာ နိုဝင်ဘာလကနေ ဒီကနေ့အထိ မိုင်းစထိမှန် သေဆုံးခဲ့တဲ့ ရဲမှူး ၁ ဦး ၊ ယာယီရဲမှူး ၁ ဦး ၊ ရဲအုပ် ၁ ယောက် ၊ ဒုရဲအုပ် ၁ ယောက် နဲ့ အခြားရာထူးအဆင့်ရှိသူ ၂ ယောက် သေဆုံးခဲ့ပြီး ကိုယ်အင်္ဂါ ဖြတ်တောက်လိုက်ရတဲ့ ဒဏ်ရာရ ရဲတချို့လည်း ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဝန်းသို #ကားမိုင်းမိ #လူငါးယောက် #ပြင်းထန်ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW