ကိုဗစ်ရောဂါကြောင့် ၃၂ ကြိမ်မြောက် နာဂရိုးရာပွဲတော် မပြုလုပ်နိုင်

ဒီဇင်ဘာ ၊ ၁၆-၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း နာဂအုပ်ချုပ်ခွင့်ရဒေသက မြို့နယ်တွေမှာ အခုလဆန်းပိုင်းကစလို့ စာသင်ကျောင်းတချို့ကကျောင်းသား/ကျောင်းသူတွေ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း
နှစ်စဥ် ဇန်နဝါရီ ၁၅ ရက်ရောက်တိုင်း ပြုလုပ်လေ့ရှိတဲ့ နာဂရိုးရာပွဲတော်ကို အခုလာမယ့်နှစ်မှာ ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ နာဂရိုးရာ ယဥ်ကျေးမှုနဲ့စာပေအဖွဲ့ကနေ သိရပါတယ်။
 
” ကိုဗစ်ရောဂါကြောင့် ၃၂ ကြိမ်မြောက် ပွဲတော်ရက် လုပ်နိုင်မှာမဟုတ်ပေမယ့် အဲ့ဒီရက်မှာ မြို့အလိုက် ရွာအလိုက် ကိုဗစ် စည်းမျဥ်းစည်းကမ်းနဲ့အညီ အထိမ်းအမှတ်လုပ်တာလောက်တော့ ရှိမယ် ၊ ရိုးရာပွဲလမ်း အခင်းအကျင်းတွေ ပါမှာ မဟုတ်ဘူး “လို့ နာဂရိုးရာ ယဥ်ကျေးမှုနဲ့စာပေအဖွဲ့ ဥက္ကဌ ဦးအောင်ထွဋ်က ပြောပါတယ်။
 
ဒါ့အပြင် နာဂ အုပ်ချုပ်ခွင့်ရ လဟယ်မြို့ခံတယောက်က ” နာဂရိုးရာပွဲတော်ဆိုတာ ၊ နာဂ လူမျိုးတွေရဲ့ ရိုးရာယဥ်ကျေးမှု အမွေအနှစ်ကို မျိုးဆက်သစ်တွေဆီ ထိန်းသိမ်းစောင့်ရှောက်ဖို့ လက်ဆင့်ကမ်း အမွေပေးတဲ့ပွဲဖြစ်တယ် ၊ ယဥ်ကျေးမှု ထုံးတမ်းဓလေ့တင်မကဘူး အဲ့ဒီ ပွဲတော်ကနေတဆင့် ဒေသဖွံဖြိုးရေးတွေ လုပ်ကိုင်နိုင်တာ ရှိတယ် ၊ နာဂရိုးရာပွဲတော် ပြုလုပ်လာခဲ့တာ အခုလာမယ့်နှစ်က ၃၂ ကြိမ်ဖြစ်တယ် ၊ ကိုဗစ်ရောဂါကြောင့် ပွဲတော်လုပ်ဖို့ ဆိုင်းငံ့ထားရတာကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် နှောင့်နှေးသွားမလား ဆိုတာ ပူပန်မိတယ် ” လို့ ပြောပါတယ်။
 
နာဂတိုင်းရင်းသား မျိုးနွယ်စုတွေဟာ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဖျားက ထူထပ်တဲ့ တောင်တန်းဒေသတွေကို အမှီပြုနေထိုင်ကြသလို အဲ့ဒီနေရာတွေနဲ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံဘက်အခြမ်း နာဂလင်းပြည်နယ်မှာလည်း နေထိုင်ကြပါတယ်။
 
နာဂရိုးရာယဥ်ကျေးမှုအဖွဲ့ရဲ့ မှတ်တမ်း ကိန်းဂဏန်းတွေအရ အိန္ဒိယနိုင်ငံဘက်မှာ နာဂ လူဦးရေ ၄ သန်းကျော် နေထိုင်ပြီး မြန်မာနိုင်ငံဘက်က နာဂအုပ်ချုပ်ခွင့်ရဒေသတွေမှာ လူဦးရေ ၄ သိန်း နီးပါးနေထိုင်တယ်လို့ သိရပါတယ်။
 
ပုံစာ -နာဂရိုးရာပွဲတော်ပုံ
#voiceofmyanmar #VOM #နာဂ #ရိုးရာပွဲတော် #ကိုဗစ#မပြုလုပ်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW