ကားအရောင်းစင်တာနဲ့ အရောင်းပြခန်းတွေကို ကားတင်သွင်းခွင့် ပြန်လည်ခွင့်ပြုမယ်

ဒီဇင်ဘာ ၁၈-၂၀၂၁
GH ( VOM )
 
ကားအရောင်းစင်တာနဲ့ အရောင်းပြခန်းတွေကို ကားတင်သွင်းခွင့် ပြန်လည်ခွင့်ပြုပေးတော့မယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
 
မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားမှုတွေကို စိစစ်ပြီး ခွင့်ပြုဆောင်ရွက်ပေးနေရာ ၊ ၂၀၂၁ ခုနှစ်၊ ပြက္ခဒိန် နှစ်မကုန်မီ နှစ်ချုပ်စာရင်းရှင်းလင်းခြင်းနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေဆောင်ရွက်ရမှာဖြစ်လို့ အရောင်းစင်တာ၊အရောင်းပြခန်းတွေအနေနဲ့ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားမှုကို ၂၀၂၁ ခုနှစ် အတွက်ကို ဒီဇင်ဘာလ(၁၇)ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက်တင်သွင်း ခွင့်လျှောက်ထားခြင်းကိုတော့ ဇန်နဝါရီလ (၃)ရက်နေ့ကစပြီး ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
 
အခုလို ထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး ကားဝယ်/ရောင်းလုပ်ကိုင်နေသူတဦးက” ကားမူဝါဒအရ ဘယ်မောင်းနဲ့မော်ဒယ်အမြင့်တွေပဲခွင့်ပြုမယ့်အနေအထားဖြစ်နိုင်တယ် ၊ မော်ဒယ်အနိမ့်ပိုင်းတွေကို သွင်းခွင့်ပေးလိုက်ရင် SKD တွေအတွက် ရောင်းအားထိုးကျသွားစရာရှိလို့ ကန့်ကွက်ကြလိမ့်မယ် ၊အကယ်၍များ ၂၀၁၅ မော်ဒယ်လောက်ကနေ စသွင်းခွင့်ပြုလိုက်ရင် လက်ရှိစျေးကွက်ထဲမှာရောင်းဝယ်နေကြတဲ့ မော်ဒယ်အနိမ့် ၂၀၁၀ အောက်ကားစျေးတွေ အပြောင်းအလဲအများကြီးရှိလာစရာမမြင်ဘူး၊ဘာလို့လဲဆိုတော့ လက်ရှိဒေါ်လာစျေး နဲ့ Earning စျေးတွေအရစျေးတန်းကအမြင့်တန်းဖြစ်သွားပြီး SKD တွေကိုသွားယှဉ်နေလိမ့်မယ် ” လို့ ပြောပါတယ်။
 
လက်ရှိမှာတော့ ရန်ကုန်မြို့ကားစျေးကွက်အခြေအနေအေးနေပြီး စီးပွားရေးအခြေအနေအရ ကားအသုံးပြုဖို့လိုအပ်တဲ့သူတွေသာ ကားအဝယ်ရှိနေကြောင်း၊ သိန်း ၁၅၀ နဲ့ ၂၀၀ ကြားရှိ ကားတွေသာ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။
 
ကားအရောင်းစင်တာနဲ့အရောင်းပြခန်းတွေကနေ တင်သွင်းခြင်း၊လူတစ်ဦးချင်းကားတင်သွင်းခြင်းနဲ့ ယာဉ်အိုယာဉ်ဟောင်းအစားထိုးတင်သွင်းခြင်း ၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်စစ်မှုထမ်းကောင်းတံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ်ရရှိသူတွေ ဝန်ထမ်းတစ်ဦးချင်းတင်သွင်းခွင့်ပါမစ် အပါအဝင် ကား အရောင်းစင်တာအသစ်ဖွင့်ခြင်းတွေကို ပြီးခဲ့တဲ့အောက်တိုဘာလ ၁ ရက်ကစပြီး ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။
 
လက်ရှိမှာ ကားအရောင်းစင်တာနဲ့အရောင်းပြခန်းတွေကနေ ကားတင်သွင်းခွင့်ကိုပဲ လျှောက်ထားခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပြီး တစ်ဦးချင်းကားတင်သွင်းခွင့်ကိုတော့ ဖော်ပြထားခြင်းမရှိတာကို တွေ့ရပါတယ်။
 
တာဝန်ရှိသူတွေက ယာဉ်အို၊ယာဉ်ဟောင်းအစားထိုးတာတွေကိုပါ ပိတ်လိုက်တဲ့အတွက် အရောင်းပြခန်းဖွင့်မယ့်သူတွေ၊ အရည်ကြိုအပ်ရမယ့် ယာဉ်အို၊ယာဉ်ဟောင်းပိုင်ရှင်တွေပါ အခက်အခဲဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကားအရောင်းပြခန်း #ကားတင်သွင်းခွင့် #ပြန်ခွင့်ပြုမယ်

Related posts

Leave a Comment

VOM News

FREE
VIEW