ကိုဗစ်-၁၉ ကပ်ရောဂါ ၂၀၂၃ ခုနှစ်ထိ ကြာနိုင်တယ်လို့ အမေရိကန်ဆေးကုမ္ပဏီ သတိပေး

၀ါရှင်တန်၊ ဒီဇင်ဘာ-၁၈-၂၀၂၁
မျိုးဆက်(VOM)
 
ကိုဗစ်-၁၉ ကပ်ရောဂါဟာ ၂၀၂၃ ခုနှစ်ထိ ကြမြင့်နိုင်တယ်လို့ အမေရိကန်ဆေးကုမ္ပဏီ ဖိုက်ဇာက ဒီဇင်ဘာ ၁၇ ရက်မှာ သတိပေးလိုက်ပါတယ်။
 
ဒီလိုအခြေအနေမှာ အသက်၂နှစ်မှ ၁၆ နှစ်ကြားအရွယ်တွေကို ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပေးမယ့်အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကာကွယ်ဆေးထိုးအစီအစဉ်ဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရဖို့ အချိန်ကြာနိုင်ပါတယ်။
 
ဥရောပနိုင်ငံတွေဟာ ခရီးသွားလာမှုနဲ့ လူမှုရေးဆိုင်ရာကန့်သတ်ချက်တွေကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ အမေရိကန်ဆေးဝါးကုမ္ပဏီ ဖိုက်ဇာက ကပ်ရောဂါကြာမြင့်နိုင်ခြေနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုလိုက်ခြင်းဖြစ်ကာ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ထက် ကူးစက်နိုင်ခြေ ငါးဆပိုများတယ်လို့ သတိပေးထားပါတယ်။
 
၂၀၂၄ ခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာတစ်၀န်း ကပ်ရောဂါအသွင်နဲ့ ရှိနိုင်တော့မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဖိုက်ဇာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတွေကပြောပါတယ်။
 
ကိုဗစ်-၁၉ ကပ်ရောဂါဟာ အမေရိကန်နိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း အဆုံးသတ်လိမ့်မယ်လိ်ု့ အမေရိကန်ကျန်းမာရေးထိပ်တန်းတာ၀န်ရှိသူ ဒေါက်တာအန်တိုနီဖူစီက အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် မပေါ်ပေါက်မီက ခန့်မှန်းပြောဆိုထားပါတယ်။
 
တရုတ်နိုင်ငံဝူဟန်မြို့မှာ လွန်ခဲ့တဲ့နှစ်နှစ်နီးပါးက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာတစ်၀န်းမှာ လက်ရှိချိန်ထိ လူငါးသန်းကျော်သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံရသူ ၂၇၂ သန်းကျော်လာပြီဖြစ်ပါတယ်။
 
Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW