မြင်းလှည်း၊ သံလိပ်ဘတ်စ်ကားနှင့် အလမ်းပေါ်က ကုန်ရထားများ

ဆူးငှက်

ခရစ်နှစ် ၁၈၈၉ ခုနှစ်က အရှည် ၃၈၆ မိုင်ရှိသော ရန်ကုန်-မန္တလေးမီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီးနောက် မန္တလေးမြို့ တွင်လည်း မီးရထားဘူတာရုံကြီးတစ်ရုံ တည်ဆောက်ခဲ့သည်။ ထိုစဉ်က
မန္တလေးမြို့၏ အဓိကနေရာများမှာ မန္တလေး နန်းတွင်း၊ နန်းတွင်းအနောက်ဘက်စီလမ်းတစ်လျှောက်နှင့် ဈေးချိုဝန်းကျင်သာဖြစ်သောကြောင့် အဆိုပါနေရာများနှင့် ဆက်သွယ်မှုလွယ်ကူသောအရပ်တွင် ဘူတာကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မန္တလေးနန်းတွင်းနှင့် ၂၆ဘီလမ်း တစ်လမ်းသာခြားပြီး တောင်ဘက် ၃၅ လမ်းထိအရှည်ရှိကာ အကျယ်အဝန်းအနေနှင့် ၇၈ လမ်းနှင့် ၇၉
လမ်းကြားရှိသော မန္တလေးဘူတာကြီး၏ ဧရိယာမှာ ထိုစဉ်ကတည်းက ယခုအချိန်တိုင်အောင် နှစ်ပေါင်းတစ်ရာကျော်အတွင်း လုံလောက်မျှတမှုရှိခဲ့သည်။ ဘူတာကြီးဧရိယာတွင် ကုန်ရုံများရှိခဲ့သည်။ တွဲဆိုင်းများ ပြင်ဆင်သန့်ရှင်းရာနေရာများရှိသည်။ လုံလောက်သော ဘူတာစင်္ကြံရှိသည်။ ခရီးသည်များနားနေရန်အတွက်လည်း ကျယ်ဝန်းသည်။ ထိုမျှသာမက မီးရထာစက်ခေါင်းများအတွက် စက်ခေါင်းပြုပြင် ထိန်းသိမ်းရန်ပင် တစ်ပါတည်းပါရှိခဲ့သည်။ နောက်ထပ် ထိုမျှသာမကဟု ထပ်မံပြောရဦးမည် အဆိုပါဘူတာရုံကြီးနှင့် မျက်နှာချင်း ဆိုင်တွင်လည်း ၇၈လမ်းတလျှောက် ရာထူးကြီးငယ်အစဉ်လိုက် ၂၇လမ်းမှ ၃၅လမ်းအတွင်းနရာများချထားပေးခဲ့သည်။

ဘူတာဟူသည် ၂၄နာရီ တာဝန်ရှိသဖြင့် ဘူတာနှင့် အနီးဆုံးနေရာတွင် မီးရထားဝန်ထမ်းများလည်း ၂၄နာရီ အဆင်သင့်ဖြစ်စေရန် နေရာချထားပေးခြင်းဖြစ်သည်။ ထို့ကြောင့် မန္တလေးဘူတာဧရိယာဟူသည်
ဝန်ထမ်းလိုင်းများ အပါအဝင် ၂၇လမ်းမှ ၃၅လမ်းအတွင်း ၈ ပြအရှည်နှင့် ၇၇လမ်းမှ ၇၉လမ်းအတွင်း ၂ပြအကျယ်ရှိသော ဧရာမဧရိယာကြီးဖစ်ခဲ့သည်။

ဘူတာကြီးတည်ဆောက်စဉ်ကာလ မန္တလေးအရှေ့ခြမ်းမှာ လူနေရပ်ကွက်က ခပ်ကျဲကျဲပါးပါးပဲ ရှိသည်။ အများစုက ရုံးများပဲဖြစ်၏။ ဘူတာကြီးအရှေ့ဘက်မှာ ပြည်သူ့ဆေးရုံကြီးရှိသည်။ မြူနီစီပယ်ရုံးကြီးရှိသည်။ အထွေထွေ အုပ်ချုပ်ရေးဆိုင်ရာရုံးများရှိသည်။ ထို့နောက် အငြိမ်းစားအရာရှိများနှင့် ရုံးဝန်ထမ်းများနထိုင်သော စီဗီလိုင်းရပ်ကွက်ရှိသည်။ နောက်ပိုင်းမှာ အစိုးရ စက်မှု၊လက်မှု သိပ္ပံကျောင်းလည်းရှိလာသည်။ ဆေးရုံကြီးနှင့် ရုံးကြီးကြားမှာ ဗထူးကွင်းလည်းရှိလာ၏။ ထိုစဉ်ကာလက စီးပွားရေးအချက်အချာကျသော ဈေးချိုဝန်းကျင်သို့ အရှေ့ခြမ်းအရပ်မှ ကူးလူးဆက်ဆံမှုသည် မနက် ဈေးသွား၊ဈေးပြန်လောက်ပဲရှိမည်။ ညနေစောင်းနေဝင်သည်နှင့် အဆက်အဆံကူးလူးမှု မရှိသလောက် နည်းပါးသွားခဲ့၏။

ထို့ကြောင့် မန္တလေး၏ အရှေ့ခြမ်း၊ အနောက်ခြမ်း ကူးလူးဆက်ဆံရေးတွင် နန်းမြို့ရိုးနှင့်ဘူတာကြီးကြားရှိ ၂၆ ဘီ်လမ်းနှင့်ပင် လုံလောက်အဆင်ပြေသည်။ ၂၆ ဘီလမ်းမှာပင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တစ်နေ့လျှင်နှစ်ကြိမ်သာဖြတ်သန်းသော မန္တလေး- မတ္တရာမီးရထားလမ်း ရှိသောကြောင့် မီးရထားလာချိန်တွင် မိနစ်အနည်းငယ်မျှ လမ်းပိတ်ဆို့ သွားတတ်သေးသည်။ ဒါပေမယ့် ကိစ္စမရှိ အရေးတကြီးသွားစရာမရှိ။

မန္တလေးဘူတာကြီးသို့ မီးရထားအဝင်အထွက်မှာ မြို့တောင်ဘက်ခြမ်း၌သာ ရှိသဖြင့် ယခုကဲ့သို့ ကုန်းကျော်တံတားများမရှိသေးသည့်အချိန်မို့ မီးရထားအဝင်အထွက်ရှိတိုင်း ယာဉ်အသွားအလာများကို ခေတ္တပိတ်ထားရသည်။ အများဆုံး ပိတ်ရသည့် အချိန်များမှာ နံနက်ပိုင်းနှင့် ညဦးပိုင်းများသာဖြစ်သည်။ ဘူတာ၏တောင်ဘက်တွင် မန္တလေးအရှေ့ခြမ်းနှင့် အနောက်ခြမ်း ကူးသန်းသွားလာမှု အများဆုံးသာမက မူဆယ်၊ လားရှိုး၊ ပြင်ဦးလွင်မြို့များမှ အဓိကအဝင်အထွက်လမ်းအဖြစ် ၃၅ လမ်း (ဝါ)အလမ်းသည် ယာဉ်အသွားအလာများပြားခဲ့သည်။အလမ်းနှင့် မီးရထားလမ်းဆုံရာနေရာကို မျက်ပါးရပ်ဂိတ်ဟုခေါ်ကြသည်။ ၏

အမြန်ရထားကြီးများ အဝင်အထွက်ရှိသော မီးရထားလမ်းမို့ ရထားမဝင်မီမထွက်မီ မိနစ်အတော်ကြာ ကြိုတင်ပိတ်ထားရလေ့ရှိရာ အချက်ပေး ခေါင်းလောင်းသံနှင့်အတူ ပိတ်ထားသော သံတံခါးကြီးများထိပ်မှ မီးအိမ်နီကလေးကို ရပ်ထားသောယာဉ်များသည် ခပ်လှမ်းလှမ်းမှပင် ခပ်ပျပျလေးမြင်ရလောက်အောင် တမျှော်တခေါ် ငေးမောကြည့်ရှုကြရ၏။ တစ်ခါတစ်ရံ အဝင် ရထားနှင့် အထွက် ရထားနှစ်စီးလုံး အတွက် စောင့်ဆိုင်းရသောအခါ မိနစ်မျှသာမက နာရီအထိပင် ကြာသွားလေသောကြောင့် အလမ်းပေါ်၌ ဆိုက်ကား၊ မြင်းလှည်းနှင့် မော်တော်ယာဉ်များ မီးရထားလမ်း၏ အရှေ့ခြမ်း အနောက်ခြမ်း အတောင့်လိုက်ပိတ်ဆို့ သွားတတ်သည်။

ရန်ကုန်မှဖြစ်စေ မြစ်ကြီးနားမှဖြစ်စေ လားရှိုး၊ ကျောက်မဲမှဖြစ်စေ ရွှေဘို၊ မုံရွာမှဖြစ်စေ မီးရထားနှင့် ညပိုင်းကာလ ဝင်လာလျင် မျက်ပါးရပ် ဂိတ်တွင်စာင့်ဆိုင်းနေသော မြင်းလှည်းများက ရေနံဆီမီးအိမ်လေးများ၏ တလက်လက်အရောင်ဟာ တန်ဆောင်တိုင်မြင့်မိုရ်ပွဲကျင်းပနေသလား အောက်မေ့ရသည်။ ထိုစဉ်က မြင်းလှည်းများ၏ပုံရိပ်သည် မန္တလေးဘူတာကြီးရှေ့တွင်လည်း ပိုမိုသိသာစေသည်။

ကိုလိုနီခေတ် ကတည်းက တည်ဆောက်ခဲ့သော အပေါ်ထပ်အုတ်ကြွပ်မိုး အပေါ်ထပ် ပျဉ်ထောင်ကာ အောက်ထပ်အုတ်တိုက် ဘူတာကြီး အဆောက်အအုံရှေ့တွင် ကွက်လပ်ကြီးရှိသည်။ ကွက်လပ်ကြီး၏မြောက်ဘက်ခြမ်းမှာ စနစ်တကျ တန်းစီ၍ ဂိတ်ထိုးထားသော မြင်းလှည်းများမှာ အစီးရေ ရာချီရှိသည်။ ရထားပေါ်မှဆင်းလားသည့် ခရီးသည်များအဖို့ ဘူတာကြီးရှေ့မှာ ပထမဆုံးမြင်လိုက်ရသော မြင်းလှည်းများ မြင်ကွင်းကလည်း ထူးခြားမှုဖြစ်သည်။ ထိုခေတ်က ရိုက်ကူးသော ရုပ်ရှင်ကားတိုင်း၌ မန္တလေးနိမိတ်ပုံကိုပြလေတိုင်း ဘူတာကြီးရှေ့မှ စီတန်းနေသော အစီးရေရာချီရှိသည့် မြင်းလှည်းတပ်ကြီးကို ရိုက်ပြလိုက်သည်နှင့် မန္တလေးပုံရိပ် ပီပြင်သွားတော့သည်။ အခုတော့ ထိုမြင်ကွင်းတွေက လွမ်းစရာတွေပေါ့။ ထိုစဉ်က မန္တလေးမြို့တွင်းသယ်ယူပို့ဆောင်ရေးတွင် မြင်းလှည်းကအရေးပါသည်။ ဈေးချိုကိုအခြေခံပြီးပြေးဆွဲသည့် မြင်းလှည်း လိုင်းတွေလည်း အများအပြားရှိသည်။

××××× ×××××

မန္တလေးမှာက ဘတ်(စ်)ကားလိုင်းတွေ ရှိခဲ့သော်လည်း ဘတ်စ်ကားလိုင်းကို အများဆုံး အသုံးပြုသူတွေက ရဟန်းသံဃာများ၊ နယ်မှဧည့်သည်များနှင့် ဝန်စည်စလယ် အထုပ်အပိုးများပါသော မြို့ပေါ်ကခရီးသွားများပဲဖြစ်သည်။ ထိုစဉ်က မန္တလေးဘတ်စ်ကား အများစုမှာ ဒုတိယကမ္ဘာစစ်လက်ကျန် ချက်ပလပ်ခေါင်းတို လူစီးဘော်ဒီတပ် ဘတ်စ်ကားကြီးများပဲဖြစ်သည်။

ဗိုက်ပူဘော်ဒီအတွင်း တစ်ဖက်တစ်ချက် ခုံတန်းရှည်သာရိုက်ထားပြီး အလယ်ခေါင်ကွက်လပ်တွင် ကုန်စည်များတင်ဆောင်ပြီး ပေ ၅၅ဝ နီးပါးအရှည်ရှိသည့် မန္တလေးတစ်ပြ အပိုင်းအခြားအတွင်း မှတ်တိုင်နှစ်မှတ်တိုင်နီးပါးထားရှိကာ ခပ်ဖြေးဖြေး ဘီးလိမ့်ရုံမောင်းပြီး မှတ်တိုင်ရောက်တိုင်း ခရီးသည် တမေ့တမောစောင့်သည့် ဘတ်စ်ကားများဖြစ်သည်။ ထို့ကြောင့်လည်း မန္တလေးဘတ်စ်ကားတွေကို သံလိပ်ကြီးများဟု တင်စားသူက တင်စားကြသည်။ တကယ်တော့မရိုင်းလှ။

မန္တလေး၏ ဘက်စ်ကားလိုင်းအတော်များများမှာ တောင်မြောက် လမ်းကြောင်းများအတိုင်း ပြေးဆွဲသည်က များသည်။ အနောက်မှစ၍ပြောရလျှင် အလမ်းနှင့် ဘီလမ်းကြား ကမ်းနားလမ်း၊ ဘုရားကြီးနှင့် ဈေးချိုကြား ၈၄ လမ်း၊ တာရဲတန်းနှင့် ဗြစ်စက်ရုံကြားလမ်း ၈ဝ၊ ဓာတ်စက်ရုံနှင့် အလမ်းကြား ၇၈လမ်း။ ထိုလမ်းများလောက်သာ ဘတ်စ်ကားလိုင်းတွေ စုပြုံပြေးဆွဲကြပြီး အရှေ့အနောက်လမ်းအနေနှင့်မူ အေလမ်းနှင့် ဘီလမ်းများပေါ်၌သာ ဘတ်စ်ကားလိုင်းပြေးဆွဲမှုရှိခဲ့သည်။

အလမ်းပေါ်တွင် ဈေးချိုမှ အုန်းချော၊ ကျောက်မီးအထိ ပြေးဆွဲသောအမှတ် ၁၁ ဘတ်စ်ကားလိုင်း၊ စိန်ပန်းနှင့် ဈေးချိုကိုကွေ့ဝိုက်ဖြတ်ပြီး ၈၂ လမ်းမှတစ်ဆင့် မန္တလေးတက္ကသိုလ်ပြေးဆွဲသော အမှတ် ၃
ကားပြာလိုင်းတို့လောက်သာရှိသည်။ အများဆုံးအလမ်းပေါ်ရှိသည့် ယာဉ်များမှာ မန္တလေး- မေမြို့(ပြင်ဦးလွင်)ပြေးဆွဲသောယာဉ်များဖြစ်သည်။ ထိုစဉ်ကလည်း ပြင်ဦးလွင်ယာဉ်လိုင်းမှာ အခုလောက် များများစားစားမရှိ။ MMTA နှင့် မူလMMTAယာဉ်လိုင်းလောက်ပဲရှိမည်။ ထိုယာဉ်လိုင်းတွင် ဂျစ်ကားများသာ ပြေးဆွဲခဲ့၏။

××××× ×××××

အေလမ်းအကြောင်း ပြန်ပြောင်းပြောတော့ မြင်ကွင်းတွေထဲမှာ မှတ်မှတ်ရရ သိသိသာသာကြီး ပြောင်းလဲသွားတာက အလမ်းအနောက်ခြမ်းပဲဖြစ်သည်။

ယခင်က အေလမ်းအနောက်ခြမ်းလမ်း ၈ဝ မှ ဂေါ်ဝိန်အထိ အလမ်း၏ မြောက်ဘက်ခြမ်းတွင် မီးရထားလမ်းတစ်လမ်းရှိသည်။ ဘူတာကြီးမှ ဂေါ်ဝိန်ဆိပ်ကမ်းသို့ ဆက်သွယ်ထားသည့် မီးရထားလမ်းဖြစ်သည်။
ထို့ကြောင့် ထိုစဉ်က အေလမ်းကို မန္တလေးသားတွေက သံလမ်းဟုလည်း ခေါ်ဆိုကြသည်။

ဂေါ်ဝိန်ဆိပ်တွင် ရေနံသိုလှောင်ကန်များလည်း ရှိသဖြင့် အထက်မြန်မာပြည်အတွက် ဆီတင် မီးရထားတွဲတွေ ဂေါ်ဝိန်ရေနံလှောင်ကန်တွေမှာ ဆီတင်ကြသည်။ အလားတူ ဂေါ်ဝိန်၊ ထင်းဝင်း၊ ပိုက်ကျုံး၊ မရမ်းခြံစသည့် ကမ်းနားတစ်လျှောက်တွင်လည်း သစ်စက်ကြီးများရှိသဖြင့် သစ်လုံး၊ သစ်ခွဲသားများကို သစ်တင်မီးရထားတွဲများဖြင့်လည်း
တင်ဆောင်ကြသည်။ ထို့ကြောင့် ဘူတာကြီးနှင့်ဂေါ်ဝိန်ကို ဆက်သွယ်ထားသော မီးရထားလမ်းမှာ ထိုစဉ်က အထက်မြန်မာပြည် ကုန်စည်ပို့ဆောင်ရေးတွင် အရေးပါခဲ့သည်။ ဂေါ်ဝိန်ဆိပ်က ဆီတင်တွဲများ၊ သစ်တင်တွဲများ၊ အခြား ကုန်တင်တွဲများကို ဘူတာကြီးနှင့် အသွားအပြန် ပို့ဆောင်ပေးသော ကုန်ရထားများကို အလမ်းတစ်လျှောက် အနည်းဆုံးတစ်နေ့နှစ်ကြိမ်လောက်တွေ့ရသည်။ ထိုစဉ်က မီးရထားအများစု၏ စက်ခေါင်းများမှာ ရေနွေးငွေ့အားသုံးအင်ဂျင်စက်ခေါင်းကြီးများ ဖြစ်သည်။ ကုန်တင်တွဲကြီးများ ဆွဲလာသော ရေနွေးငွေ့အားသုံး စက်ခေါင်းကြီးများ၏ ဥသြသံများကို အေလမ်းပေါ်တွင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်အမြဲကြားရသည်။

အဆိုပါမီးရထားလမ်းသည်လည်း ထိုစဉ်က အသွားအလာများသည့် ၈၄လမ်းကို ဖြတ်သန်းရသော်လည်း တစ်စုံတစ်ရာ ကြီးကြီးမားမား မတော်တဆထိခိုက်မှုမျိုး မရှိခဲ့ပေ။ ကုန်ရထားသည် လမ်းမကြီးများကို ဖြတ်သန်းသည့် အခါတိုင်း ဥသြသံ တွင်တွင်ပေးကာ လမ်းကို ဖြည်းဖြည်းချင်း တိုးဝင်ဖြတ်သန်းသွားတော့သည်။

××××× ×××××

တကယ်တော့ မြင်းလှည်း၊ သံလိပ်ဘတ်စ်ကားနှင့် အလမ်းပေါ်က ကုန်ရထားများက အတိတ်မန္တလေး၏ အမှတ်တရပုံရိပ်များမို့ ခံစားနိုင်သူ များများစားစား မရှိတော့ခြင်းကိုက အလွမ်းရသတစ်မျိုး ဖြစ်တော့သည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW