၈၃နှစ်ပြည့် မန္တလေး ၁၃၀၀ ပြည့်အရေးတော်ပုံ

ဆူးငှက်

တကယ်တော့ မန္တလေးအာဇာနည် ၁၇ ဦးကျဆုံးခဲ့ရတဲ့ကိစ္စဟာ ၁၃၀၀ ပြည့်အရေးတော်ပုံကြီး အရှိန်အဟုန်ကောင်းပြီး အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူ၊
ကျောင်းသားပြည်သူတို့ ညီညွတ်မှုပြယုဂ်ပါပဲ။ ၁၉၃၈ ခုနှစ်ဝန်းကျင် မြန်မာ့အဖိုးတန် သယံဇာတဖြစ်တဲ့
ရေနံမြေမှာ ရေနံစွမ်းအင်တွေ ဒလဟော ထုတ်ယူနေကြပေမယ့် ရေနံအလုပ်သမားတွေမှာ အလင်းရောင်နဲ့လောင်စာအတွက်ပင် ရေနံမသုံးရလောင်အောင် မတရားအနိုင်ကျင့်ခံနေကြရတာဟာ ဘယ်သူ မခံပြင်းဒေါသမဖြစ်ဘဲနေပါ့မလဲ။ ဒီထက်ဆိုးတာက ဒီလောက်ဖိနှိပ်မှုပြင်းထန်၊ မတရားအနိုင်ကျင့်ခံနေရချိန် အုပ်စိုးသူ အင်္ဂလိပ်အစိုးရအပေါ် ကျရောက်လာမယ့် တစ်ပြည်လုံးက ဒေါသတွေကိုလည်း လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်းတွေနဲ့ လမ်းလွှဲလိုက်တာတွေကလည်း အဖြစ်မှန်သိကြရတဲ့အခါ တက္ကသိုလ်ကျောင်းသား ပညာတတ်များကအစ ပေါက်ကွဲကြတာပါပဲ။

အုပ်စိုးသူ အင်္ဂလိပ်အစိုးရဟာ အခြေခံလုပ်ဆောင်မှု မှားယွင်းတာနဲ့အမျှ ဆက်လက်ပြီး ဆုံးဖြတ်မှု၊ ကိုင်တွယ်မှု၊ဖြေရှင်းမှုတွေ ဆက်တိုက် မှားယွင်းတာပါပဲ။ တပြိုင်နက် အုပ်ချုပ်မှုယန္တယားတွေလည်း ပျက်ယွင်း လွဲချော်လာတယ်။ ဒီရလာဒ်က အရာရာကိုဥပဒေမဲ့ အာဏာနဲ့အကျပ်ကိုင်ခြင်းပါပဲ။ ဒါကြောင့် ချောက်ရေနံမြေ အလုပ်သမားထုကြီးက အင်္ဂလိပ်အစိုးရအာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုရုံးစိုက်ရာ ရန်ကုန်အထိ ခြေကျင် ချီတက်ပြီး ဆန္ဒပြမယ်။ ဒါကို အာဏာပိုင်အင်္ဂလိပ်အစိုးရက ဖိနှိပ်မယ်။ ဒီဖိနှိပ်မှုကို ကျောင်းသားသမဂ္ဂရဲ့ တာဝန်ရှိသူတွေက ဦးဆောင်ပြီးကန့်ကွက်မယ်။ သေချာပါပြီ။ အာဏာပိုင် အင်္ဂလိပ်အစိုးရဟာ ဒီအကြပ်အတည်းကို လက်နက်နဲ့ဖြေရှင်းတော့မယ်။ ဒီလမ်းကြောင်းကို ကြိုသိတဲ့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းက ရေနံမြေသပိတ်တပ်ကြီး တပ်ဦးကနေ “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်”လို့ ရဲရဲတောက်ကြွေးကြော်ခဲ့တာ မဟုတ်ပါလား။
ထင်တဲ့အတိုင်းပါပဲ။ ရန်ကုန်အတွင်းဝန်ရုံးကို ဝန်းပတ် အာဏာဖီဆန်ကြတဲ့ ကျောင်းသားထုကို ပုလိပ်က မြင်းစီးတပ်နဲ့ ရိုက်နှက် လူစုခွဲစေလို့ ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့ပါတယ်။ ဒီစနက်တံတွေ ယမ်းမီးစတွေ စုစည်းမိတာနှင့်ပေါက်ကွဲပြီး တစ်ပြည်လုံး အထွေထွေသပိတ်ကြီး ပေါ်ပေါက်ခဲ့တာပါပဲ။ ကိုဗဟိန်းပြောသလို “မီးဟုန်းဟုန်းတောက်”ခဲ့တာပါပဲ။

မန္တလေးမှာတော့ ဘာသာရေး အဓိကရုဏ်းကို အကြောင်းပြပြီး ဈေးချိုတော်မှာ ပုဒ်မ ၂၃(၇)ကို ထုတ်ပြန်တာမကျေနပ်လို့ ဈေးသူဈေးသားတွေက အိမ်တော်ရာဘုရားဝင်းထဲ ဈေးသွားဖွင့်ပြီး သပိတ်မှောက်ကြတယ်။ တပြိုင်နက်ထဲပဲ ဗဟိုအမျိုးသားကျောင်းနဲ့ ရဟန်းပျိုအဖွဲ့က မန္တလေးမှာ အုပ်စိုးသူအင်္ဂလိပ်အစိုးရရဲ့ မတရားတဲ့ ဥပဒေပုဒ်မတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ကြတယ်။

ဒါကြောင့် ၁၃၀၀ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၆ ရက်(၁၉၃၉ ခု၊ ဖေဖော်ဝါရီလ ၉ ရက်)နေ့မှာ အိမ်တော်ရာဘုရားဝင်းအတွင်း ၁၄ ခန်းဇရပ်မှာ စုဝေးပြီး ငြိမ်းချမ်းစွာဆန္ဒပြရေးအစီအစဉ် ပြုလုပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် နောက်ရက်၊ တပို့တွဲလပြည့်ကျော် ၇ ရက်(ဖော်ဖော်ဝါရီ ၁၀ ရက်)နေ့မှာ မန္တလေးတစ်မြို့လုံး လူထုပရိသတ်တွေက အိမ်တော်ရာ ၁၄ ခန်းဇရပ်မှာပဲ ပြန်စုဝေးကြပြီး ရဟန်းပျိုအဖွဲ့ ကြီးကြပ်မှုနဲ့ စံနစ်တကျ စီတန်းကာ ဆန္ဒပြခဲ့ကြတာပါပဲ။ အိမ်တော်ရာဘုရား မြောက်မုခ်ကထွက် ၂၆ ဘီလမ်းရောက်တော့ အရှေ့ဖက်တက်၊ နာရီစင်ကိုကျော်ပြီး ကျုံးနဘေးက ပုလိပ်မင်းကြီးရုံး(ယခုစည်ပင်သာယာရေးကော်မတီရုံး)ဆီ ချီတက်ကြတော့ ၂၆ ဘီလမ်း၊ လမ်း၈၀ နဲ့ ၈၁ လမ်းကြား ကြေးနန်းရုံးတောင်ပေါက် (ယခုဆက်သွယ်ရေးရုံးတောင်ပေါက်)မှာ ပုလိပ်အဖွဲ့က တားဆီးပြီး သေနတ်နဲ့ပစ်ခတ် လူစုခွဲခဲ့တာပါ။ ပစ်ခတ်မှုကြောင့် နောက်ဆုတ်သွားတဲ့ လူထုကို အင်ပီရီယယ်ဘဏ်ရှေ့(ယခုဟောင်ကောင်စတိုး။ ၂၆ ဘီလမ်းနဲ့ ၈၁ လမ်းထောင့်)မှာ တစ်ကြိမ်နှင့် ရိုးကုမ္ပဏီ တိုက်ရှေ့ (ယခုဘဏ် ၁)ရှေ့မှာ တစ်ကြိမ် ထပ်မံပစ်ခတ်ဖြိုခွင်းတာကြောင့် ၂၆ ဘီလမ်းပေါ်မှာတင် ရဟန်း၊ ကျောင်းသားပြည်သူ ၁၆ ဦး ကျဆုံးခဲ့တယ်။ ဒါဏ်ရာရသူတွေထဲက ရဟန်းတော် တစ်ပါးလည်း ဈာပနချတဲ့နေ့
(တပို့တွဲလကွယ်နေ့)မှ ထပ်မံပျံလွန်တော်မူခဲ့ပါတယ်။

ဒီလိုသွေးမြေကျမှုတွေနောက်ပိုင်း အင်္ဂလိပ်အစိုးရရဲ့ ရုပ်သေး ဒေါက်တာဘမော်အစိုးရလည်း ပြုတ်ကျခဲ့တယ်။ ကမ္ဘာ့နိုင်ငံရေး အခြေအနေမှာလည်း အင်အားချိန်ခွန်လျှာတွေ ပြောင်းလဲကုန်ပြီး အင်္ဂလိပ်အစိုးရရဲ့ အင်အားတွေ ချိနဲ့သွားပါပြီ။ တကယ်တော့
၁၃၀၀ပြည့် အရေးတော်ပုံကြီးဟာ မြန်မာ့လွတ်လပ်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကြီးတစ်ခုပါပဲ။ ဒါဟာ လွတ်လပ်ရေး တိုက်ပွဲသမိုင်း တစ်လျှောက်မှာ မန္တလေးမြို့လူထုရဲ့ ကြီးမားသော တာဝန်ကျေမှုလည်းဖြစ်ပါတယ်။

ဒီတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဟန်း ရှင်လူကျောင်းသားပြည်သူ ၁၇ ဦးကိုလည်း မန္တလေး တမ္ပဝတီ သူကြွယ်ကုန်းမှာ မြို့လူထုပြည်သူများက မြေနေရာလှူပြီး၊ အာဇာနည် ၁၇ ဦး ရုပ်ကလပ်တွေကို မြှုပ်နှံ သင်္ဂြိုဟ်ခဲ့တယ်။ ဒီနေရာမှာပဲ မြို့လူထုပြည်သူများရဲ့ အလှူငွေတွေ၊ အာဇာနည်မိသားစုရဲ့ချွေးနှဲစွာတွေနှင့် “အာဇာနည်ဗိမာန်” တည်ဆောက်ကာ အမွန်အမြတ် ထားခဲ့ကြတယ်။

မန္တလေး၁၃၀၀ပြည့် အရေးတော်ပုံ အာဇာနည်၁၇ဦးဗိမာန် ဆိုတာ မြေနေရာကအစ ဗိမာန်အဆောက်အဦးများအဆုံး မြို့မိမြို့ဖများ၊ အာဇာနည်များရဲ့ မိသားစုနှင့် မြို့လူထု(ဝါ)ပည်သူများက လှူဒါန်းဂုဏ်ပြုခဲ့ကြတာပါ။ မြန်မာ့လွတ်လပ်ရေးသမိုင်းအတွက် အရေးပါလှတဲ့ ၁၃၀၀ပြည့် အရေးတော်ပုံကြီးမှာ ရှေ့တန်းက အလံမလှဲ စတမ်း အသက်အသေခံပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူ အာဇာနည် ၁၇ဦးကို ပြည်သူကပဲ အလေးအမြတ်ပြုကာ ပြည်သူ့ချွေးနည်းစာနဲ့”မန္တလေး၁၃၀၀ပြည့် အာဇာနည်၁၇ဦး ဗိမာန်” မှာ နှစ်စဉ် တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့ ရောက်တိုင်း အမှတ်တရ အခမ်းအနားကျင်းပ၊ လွမ်းသူ့ပန်းခွေချ၊ ဆွမ်းကပ် အမျှအတန်းဝေကာ အလေးပြုခဲ့ကြပါတယ်။

ဒီနှစ် ၁၃၈၃ခုနှစ် တပို့တွဲလပြည့်ကျော်၇ရက်နေ့မှာ မန္တလေး ၁၃၀၀ပြည့် အရေးတော်ပုံလည်း ၈၃နှစ် သက်တမ်း ပြည့်ပါပြီ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW