စက်သုံးဆီဈေး တက်လို့ အခြေခံကုန်ဈေးပါတက်လာတာကြောင့် လူထုခက်ခဲနေ

မတ် ၁-၂၀၂၂
VOM

ပြည်တွင်း စက်သုံးဆီဈေးနူန်းဟာ နယ်ဘက်တွေမှာ 92 တစ်လီတာကို ၁၉၀၀ ကျော်အထိ ပြန်လည် မြင့်တက်လာပြီး ၉၅ တစ်လီတာကို ၂၀၀၀ ကျော်အထိ မြင့်တက်လာပါတယ်။

နယ်မြို့နဲ့ကျေးရွာဘက်တွေမှာ လက်လီရောင်းချနေတဲ့ 92 တစ်လီတာဈေးနဲ့95 ဈေးတွေဖြစ်ပြီး စက်သုံးဆီဈေးတွေဟာ ရန်ကုန်ကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ဈေးနူန်းမြင့်တက်နေတာဖြစ်ပြီး ဈေးနူန်းမြင့်တက်မှုကတော့ ဒေသအလိုက်ကွာခြားမှုရှိနေပါတယ်။

” နယ်မှာက တဆင့်တဆင့်နဲ့ ပိုပြီးဈေးကများတယ်။ တစ်လီတာကို ၁၈၀၀ ဖြစ်တာကို ၅ ရက်လောက်ရှိနေပြီ၊တစ်ဂါလံ ၇၂၀၀ပေါ့၊အဲ့ဒါက ဂါလံအပြည့်မဟုတ်ဘူး၊ ၄ လီတာပဲရတာ။ အခုရက်ဆို ၁၈၀၀ ကျော်သွားပြီ ။၅၀၀၀ ဖိုးလောက်ထည့်မှတိုင်ကီပြည့်တယ်။ အလုပ်လုပ်တာက လုပ်အားခက ၆၀၀၀ ပဲရတယ်။ဆီဖိုးက တနေ့ ၁၅၀၀ ကုန်တယ်။ထမင်းဖိုးကွမ်းဖိုးနူတ်ရင် ဘာမှမကျန်ဘူး “လို့ ပြည်သူတဦးကပြောပါတယ်။

စက်သုံးဆီဈေးမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်သူတွေ ၊ ဆိုင်ကယ်ကိုအဓိကအသုံးပြုပြီး သွားလာလုပ်ကိုင်ရှာဖွေနေရတဲ့ နယ်ဘက်က ဒေသခံတွေအတွက် အဆင်မပြေမှုတွေ ဖြစ်နေတဲ့အပြင် အခြေခံစားသောက်ကုန်တွေလည်းဈေးတက်လာတယ်လို့ သိရပါတယ်။

” ပစ္စည်းပို့ခ၊သယ်ခတွေကလည်း ဈေးတက်တယ်။ဝယ်ရင်းကလည်း ဈေးတက်တယ်လေ ဒါကြောင့် စားသောက်ကုန်ဈေးတွေပြန်လှုပ်လာတယ်။ပင်ရင်းကကျရင်တော့ အမတို့ကလည်းဈေးချပေးမှာပါ ။ဈေးကတော့တက်ပြီးရင် ပြန်ကျတာနည်းတယ် “လို့ အခြေခံ စားသောက်ကုန်ဖြန့်ဖြူးရောင်းချနေသူတဦးကပြောပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ အခုလို တနေ့တခြားမြင့်တက်လာတဲ့ စက်သုံးဆီဈေးကို ထိန်းဖို့အတွက်ဆိုရင် တာဝန်ရှိသူတွေအနေနဲ့ စက်သုံးဆီ ခွဲတမ်းကို စနစ်တကျ ရောင်းချပေးဖို့ လိုအပ်သလို ပြည်သူတွေအနေနဲ့လည်း စက်သုံးဆီသုံးစွဲမှုကို လျော့ချဖို့လိုအပ်ကြောင်း၊ အစိုးရဌာနတွေအနေနဲ့လည်း စက်သုံးဆီအသုံးလျော့ချတာမျိုး လုပ်ဆောင်ရမှာဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ဒီကနေ့ ရန်ကုန်စက်သုံးဆီ ပြင်ပဈေးနှုန်းကတော့ အောက်တိန်း 92 တစ်လီတာကို ၁၇၆၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၁၈၁၅ ကျပ်၊ ဒီဇယ်ဆီတစ်လီ တာ ၁၇၃၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၇၄၅ ကျပ် ဖြစ်ပါတယ်။

မန္တလေးစက်သုံးဆီ ဆိုင်ကြိးတွေ ရောင်းချနေတဲ့ဈေးနှုန်းကတော့ အောက်တိန်း 92 တစ်လီတာ ၁၈၃၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၉၅၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ကို ၁၈၀၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာကို ၁၈၃၀ ကျပ် ဖြစ်ပါတယ်။

နေပြည်တော်မှာ အောက်တိန်း 92 တစ်လီတာ ၁၈၁၀ ကျပ်၊ အောက်တိန်း 95 တစ်လီ တာ ၁၉၁၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၇၉၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၈၁၀ ကျပ် တို့ဖြစ်ပါတယ်။

ပဲခူးမှာ အောက်တိန်း 92 တစ်လီတာ ၁၈၃၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၁၉၂၅ ကျပ် ၊ ဒီဇယ်ဆီ တစ်လီတာ ၁၈၁၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၈၂၅ ကျပ် တို့ဖြစ်ပါတယ်။

စစ်ကိုင်း စက်သုံးဆီဈေးနှုန်းကတော့ အောက်တိန်း 92 တစ်လီတာ ၁၈၄၅ ကျပ်၊ အောက်တိန်း 95 တစ်လီ တာ ၁၉၅၅ ကျပ်၊ ဒီဇယ်ဆီတစ်လီ တာ ၁၈၀၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁,၈၂၅ ကျပ် တို့ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရေးအသင်းနဲ့စီးပွားကူးသန်းဝန်ကြီးဌာနက စက်သုံးဆီ ဆိုင်အချို့ကို ပရီမီယမ်ဒီဇယ်၊ဒီဇယ်တွေကို သက်သာတဲ့အထူးဈေးနူန်းနဲ့ရောင်းချပေးနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက စက်သုံးဆီဈေးကွက်တည်ငြိမ်ပြီး ဈေးမတက်စေဖို့ဆိုကာ စက်သုံးဆီအရောင်းဆိုင် ၂၀၀ ကျော်ကို စက်သုံးဆီများ လျှော့ဈေး နဲ့ ခွဲတမ်းပုံစံ ရောင်းချပေးခဲ့ပါတယ်။

မနှစ် ၂၀၂၁ခု နှစ်ဆန်းပိုင်းနဲ့ အခု ၂၀၂၂ခု နှစ်ဆန်းပိုင်း လောင်စာဆီဈေးနူန်းဟာ ထက်ဝက်ကွာခြားနေပါတယ်။

အရင်က အခုလို ရွှေဈေး၊ ဆီဈေးနူန်းမြင့်တက်လာရင် သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးတာမျိုးရှိခဲ့ပေမယ့် အခုအခြေအနေမှာတော့ မကြားသိရသေးပါဘူး။

#VoiceOfMyanamar #VOM #စက်သုံးဆီဈေး #မြင့်တက်မှု #အခြားကုန်ဈေးနူန်းပါမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW