ဖားကန့်မှာ မြေစာပုံ ထပ်ပြိုလို့ ရေမဆေးကျောက်ရှာသူ ၅၀နီးပါး မျောပါသွား၊ အလောင်း ၁၅လောင်းတွေ့

မတ် ၁-၂၀၂၂
(VOM)

ဖားကန့်မြို့၊ မမုံကျေးရွာနဲ့ မနကျေးရွာကြားက YTT လုပ်ကွတ်ဟောင်းမှာ မြေစာပြိုကျလို့ ရေမဆေးရှာဖွေသူ ၅၀ နီးပါး မျှောပါသွားမှု မနေ့ ဖေဖော်ဝါရီ၂၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတအသင်းကနေ သိရပါတယ်။

မြေစာပုံပြိုကျတာနဲ့ ပတ်သက်ပြီး ဒီကနေ့ နေ့လယ်ပိုင်းအချိန်ထိ သေဆုံးသူ ရုပ်အလောင်း ၁၅ လောင်းကိုရှာဖွေ ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးဌာနကနေ သိရပါတယ်။

” သေဆုံးသူ အရေအတွက် အတိအကျတော့ မသိရသေးဘူး ၊ မြေတူးစက်နဲ့ မြေသယ်ယာဥ် ဒါဇင်ဝက်လောက် ပျောက်ဆုံးနေတာပါ ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်နေပါတယ် ၊ ၁၅ လောင်း ရရှိထားပါတယ် “လို့ အဲ့ဒီ ​မြေစာပြိုကျတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရေမဆေးကျောက်ရှာဖွေသူတွေ မျောပါသွားသလို ဘက်ဟိုးကား အစီးရေ ၅၀ လောက်လည်း မျောပါသွားတယ်လို့ ကနဦးပြောပြချက်အရသိရပါတယ်။

” ဖြစ်တာကတော့ ညက ၁၁ နာရီလောက်ကပေါ့၊အကြောင်းကြားတာကတော့ ဘက်ဟိုး ၅၀ လူ ၅၀ လောက်ပါတယ်ပြောတယ်၊ အခုက ကျနော်တို့လည်းရောက်နေပေမယ့် ဝင်လို့မရသေးတော့ သေချာမပြောနိုင်သေးဘူး။တိုင်းရင်းသားတွေရဲ့လုပ်ကွက်ဆိုက်ထဲဆိုတော့ ကျနော်တို့လည်း ရဲရဲတင်းတင်းလည်းမပြောရဲသေးဘူး။ကယ်ဆယ်ရေးလုပ်ဖို့တော့ ခွင့်ပြုချက်စောင့်နေတယ် “လို့ ဒေသခံ ပရဟိတအသင်းတခုရဲ့ တာဝန်ရှိသူကပြောပါတယ်။

ဖေဖော်ဝါရီ၂၆ ရက်နေ့ညနေပိုင်းကလည်း ဖားကန့်မြို့၊မနကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်အတွင်း နွံကန်ပေါက်ကျခဲ့လို့ လူနေအိမ် နဲ့ ဆိုင်ကယ်အစီးရေ ၂၀ နီးပါး မျှောပါသွားမှုရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း မနမှော် လုပ်ကွက်ဟောင်းအတွင်းက နွံကန်ပေါက်ပြီး မြေစာပုံပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူ(၂)ဦး သေဆုံးပြီး ရေမဆေးကျောက်ရှာဖွေသူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ်ကလည်း ဖားကန့် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ဝှေခါကျောက်စိမ်းမှော်မှာ မြေပြိုပြီး ရေလှိုင်း ရိုက်ခတ်မှုကြောင့် ကျောက်ရှာဖွေသူ နဲ့ ကားသမားတွေ အပါအဝင် သေဆုံးသူ ၁၆၀ ကျော် အထိရှိခဲ့ပြီး ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့နဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း ဖားကန့် မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသမားတွေ သေဆုံးမှူရှိခဲ့ပါတယ်။

#VoiceOfMyanamar #VOM #ဖားကန့် #မြေစာပုံပြို #လူ၅၀ #ဘက်ဟိုး၅၀ #ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW