လွှတ်မြောက်နေဆဲဖြစ်တဲ့ ဦးအယ်လ်ဖောင်းရှို နဲ့ ဦးအောင်ကျော်ဌေး တို့ကို အဂတိနဲ့ အမှုဖွင့်

မတ် ၁-၂၀၂၂
Voice Of Myanmar

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို နဲ့ ကယားပြည်နယ်စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်ကျော်ဌေး တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ရက်နေ့က တရားစွဲဆိုထားတာဖြစ်တယ်လို့ တရားစွဲအဖွဲ့အစည်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးအောင်ကျော်ဌေး တို့ဟာ၂၀၁၇ ခုနှစ်အတွင်း ကာလပေါက်ဈေး ငွေကျပ် ၆၅သန်းကျော် တန်ဖိုးရှိသည့် နိုင်ငံတော်ပိုင်(အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ) မြေကွက်လပ်ကို နိုင်ငံတော်ကချီးမြှင့်သည့် သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်ရရှိမှုကိုအကြောင်းပြုကာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ပေးအပ်ခဲ့ပြီး အဲ့ဒီမြေနေရာကို ပြန်လည်အလှူခံရယူခဲ့တာကြောင့် အမှုဖွင့်တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် နစကရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဦးအယ်လ်ဖောင်းရှိုဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်လင်လေးနှင့် နန်းမယ်ခုံရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန LED Board နှင့် Transformer တည်ဆောက်ခြင်း၊ ပြည်နယ်လမ်းဦးစီးဌာန၊ ရှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်ပြီး တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီကနေ ပေးအပ်တဲ့ စုစုပေါင်း ငွေကျပ် သိန်း ၁၁၀ နဲ့၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်ကော်မြို့တွင်းလမ်း Platform ဆောင်ရွက်ခြင်းလုပ်ငန်း၊ Slab Culvert တည်ဆောက်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ရုံးသစ် နှစ်ထပ် တည်ဆောက်ခြင်းလုပ်ငန်းတွေထဲက တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီကနေ ပေးအပ်တဲ့ စုစုပေါင်း‌ ငွေကျပ် ၈၂ သိန်းကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တာကြောင့်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ဧည့်ရိပ်သာတို့ကို လျှပ်စစ်မီးအလှဆင်ခြင်း၊ လွိုင်ကော်လေဆိပ် CCTV တပ်ဆင်ခြင်းလုပ်ငန်းမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါ် ခေါ်ယူဆောင်ရွက်ခြင်းမပြုတာကြောင့် နိုင်ငံတော်ကရရှိမယ့် အခွန်အခနှင့်နိုင်ငံတော်ငွေကြေး သက်သာခွင့်များ နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်တာကြောင့် ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးအောင်ကျော်ဌေး တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှုဖွင့်အရေးယူထားတာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင် နဲ့ မကွေးတိုင်းက ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတွေကိုတော့ ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

#VoiceOfMyanamar #VOM #ဦးအယ်လ်ဖောင်ရှို #ဦးအောင်ကျော်ဌေး #အဂတိနဲ့အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW